April 29, 2024

၁၆. ၈. ၂၀၂၃
Written by Min Mahar

ပခုက္ကူမြို့နယ်တွင် နေရာသုံးနေရာဖြစ်သော ဘုန်းကံစစ်ဆေးရေးဂိတ်၊ ကျွန်းချောင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကျေးရွာများကြားမိုင်းရှင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း၊ Drone Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာများရရှိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၆ ရက်နေ့) မနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မသွားကားလမ်းရှိ ကန်တော်ကျေးရွာနှင့် ညောင်ဂျစ်ပင်ကျေးရွာကြား၌ လမ်းဘေးဝဲယာများတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဆိုပါနေရာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရွာသာယာကျေးရွာဘက်မှ PDF အဖွဲ့များ ထိန်းချုပ်မောင်းနှင်သည့် Drone ယာဉ် နှစ်စီးသည် ပျံသန်းလာပြီး Drone Bomb များပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ခုနှစ်ဦး ဗုံးစများထိမှန်ကာ မစိုးရိမ်ရဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ရှိ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း ပါဝင်ကူညီပေးခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ သိရသည်။

This image has an empty alt attribute; its file name is IMG_3131.jpeg

အလားတူပင် ယနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းကျေးရွာရှိ ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား PDF အဖွဲ့မှ အင်အား ၄၀ ဦးခန့်က ၎င်းစက်ရုံ၏အရှေ့မြောက် ဘက်ရှိ သီရီကျေးရွာဘက်မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ၄၀ မိနစ်တွင် ပစ်ခတ်မှုရပ်စဲပြီး ၁၀ နာရီ ၄၅ မိနစ်တွင် PDF အဖွဲ့သည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် လူ/ အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် ၎င်းစက်ရုံအား လာရောက်တိုက်ခိုက်သည်မှာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ ယနေ့အထိ ၄ ကြိမ်နှင့် Drone Bomb ဖြင့် လာရောက်တိုက်ခိုက်သည်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်မှ မေလ ၁၉ ရက်နေ့အထိ ၉ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is IMG_3134.jpeg

ထို့အတူပင် ယနေ့မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၏အနောက်ဘက် ၈ မိုင်ခန့်အကွာ၌ရှိသော “ဘုန်းကံစစ်ဆေးရေးဂိတ်”တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းလုံခြုံရေးအဖွဲ့ဝင်များကို အဆိုပါနေရာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ကျောက်စရစ်ကန်ကျေးရွာဘက်မှ PDF အဖွဲ့များ ထိန်းချုပ်မောင်းနှင်သည့် Drone ယာဉ် ၃ စီးသည် ပျံသန်းလာပြီး Bomb ၈ လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ဂိတ်၏အရှေ့ဘက် မြေသားလမ်းမပေါ်တွင် Bomb ၄ လုံးနှင့် ဂိတ်၏ မြောက်ဘက်မြေသားလမ်းမပေါ်တွင် ၄ လုံးတို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပူးပေါင်းလခရအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ၁၁ နာရီ ၅၀ မိနစ်တွင် အဆိုပါ Drone ယာဉ် ၃ စီးသည် လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်အား Drone Bomb ဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်မှာ ၈ ကြိမ်အထိ ရှိပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *