MT News

Written by Thi Ha

လာမည့်တန်ဆောင်တိုင်အမှီ ပုဂံသို့ ရထားခရီးစဥ်များ ပြေးဆွဲပေးနိုင်ရေး မြန်မာ့မီးရထားအနေနှင့် စီစဥ်ဆောင်ရွက်နေသော်လည်း လမ်းပိုင်းအခြေအနေအရ ပြေးဆွဲပေးနိုင်မှု မရှိသေးကြောင်း နေပြည်တော် မြန်မာ့မီးရထားရုံးချုပ် တာဝန်ရှိသူထံမှ သိရသည်။

“ပုဂံကို အိပ်စင်နဲ့ ရထားတွေ မပြေးဆွဲပေးနိုင်သေးပါဘူး။ လက်ရှိက ရန်ကုန်- မန္တလေး လမ်းပိုင်း၊ နေပြည်တော်-မန္တလေး လမ်းပိုင်းတွေပဲ ပြေးဆွဲပေးနိုင်ပါသေးတယ်။ ဘယ်လထဲ ပြန်ပြေးဆွဲနိုင်မလဲဆိုတာလည်း အတိအကျတော့ မပြောနိုင်သေးပါဘူး”ဟု MT News ၏ မေးမြန်းမှုကို အဆိုပါ တာဝန်ရှိသူက ပြန်လည်ဖြေကြားသည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ကာလမှစ၍ ပုဂံသို့ အိပ်စင်ဖြင့်ပြေးဆွဲသည့် ရထားခရီးစဥ်ကို ရပ်နားထားခဲ့သည်။ ယခုနှစ်တွင် စက်တင်ဘာ နောက်ဆုံးအပတ်မှစ၍ နယ်ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲနေသည့်အတွက် လာမည့်တန်ဆောင်တိုင်ပိတ်ရက်တွင် ပုဂံယဥ်ကျေးမှုနယ်မြေဒေသသို့ သွားရောက်ချင်သူ ပြည်တွင်းခရီးသွားများက မီးရထားခရီး စဥ် စုံစမ်းမှု များပြားသည်ဟုလည်း မြန်မာ့မီးရထားရုံးချုပ် တာဝန်ရှိသူမှ ပြောသည်။

၂၀၁၇ ခုနှစ်မှ စတင်ပြေးဆွဲပေးခဲ့သော ရန်ကုန်-ပုဂံ အိပ်စင်ပါဝင်သည့် အထူးရထားခရီးစဥ်သည် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ရေပန်းစားခဲ့ပြီး အစိုးရရုံးပိတ်ရက်အတွင်း စီးနင်းသွားလာချင်သူများအတွက် ကြိုတင်လက်မှတ်ကို ၃ ရက် ကြိုတင်ဝယ်ယူရကာ လက်မှတ်ရောင်းချိန်ကို ရန်ကုန်ဘူတာကြီးတွင် ညအိပ်စောင့်ဆိုင်းဝယ်ယူရသည်အထိ လူစိတ်ဝင်စားမှု များပြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *