ပစ်ခတ်ဖျက်ဆီးမီးရှို့ခြင်းခံရသည့် KNU/KNLA (PC) တပ်ရင်းမှူးတစ်ဦး၏နေအိမ်ဟုဆိုကာ လူမှုကွန်ရက်တွင် ဖော်ပြနေကြသော ပုံတစ်ပုံအား တွေ့ရစဉ် (Photo-Facebook)

၁. ၁၁. ၂၀၂၂

Written by Nay Moe

ငြိမ်းချမ်းရေးဦးဆောင်ကော်မတီ အဖွဲ့ဝင် KNU/KNLA-PC ၏ အထူးတပ်ရင်း (၇၇၇ ) တပ်ရင်းမှူးနေအိမ်အား တိုက်ခိုက်ဖျက်ဆီး၍ မိသားစုဝင်များကို သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း PPST (ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့) PPST ဦးဆောင်မှုကော်မတီက ယနေ့တွင် သဘောထားထုတ်ပြန်သည်။

KNU/KNLA-PC သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ်ကို ဗိုလ်ချုပ်ကြီး စောဌေးမောင်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးနောက် PPST တွင် အဖွဲ့ဝင်အဖြစ် တာဝန်ကျေပွန်စွာ ပါဝင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

KNU/KNLA-PC သည် NCA ပါ ပြဋ္ဌာန်းချက်များကို တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်ပြီး ဒေသခံပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားခြင်းအရပ်သား ပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းတို့အပြင် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါသည်။ NCA အကောင်အထည်ဖော်မှု (၇) နှစ်တာကာလအတွင်း နယ် မြေဒေသအများအပြား၌ တည်ငြိမ်အေးချမ်းမှု တစ်စုံတစ်ရာ ရရှိခဲ့သည်ကိုလည်း အထင်အရှား မြင်တွေ့ရမည် ဖြစ်သည်။

ထိုသို့ NCAကို ထိန်းသိမ်းပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ဆောင်ရွက်နေသော KNU/KNLA-PC ၏ အဖွဲ့ဝင် တပ်ရင်းမှူးတစ်ဦး၏ နေအိမ်ကို အောက်တိုဘာ၂၇ ရက်တွင် အကြောင်းမဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုသည် အမျှော်အမြင်ကင်းမဲ့သော လုပ်ရပ်ဖြစ်သည်ဟု ယူဆသဖြင့် PPST-LC က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိဖာလဲကျေးရွာနေ KNU/KNLA (PC) တပ်ရင်း (၇၇၇) ၏ တပ်ရင်းမှူး စောဝင်းကျော်ရဲ့ နေအိမ်အား လက်နက်ကိုင်အဖွဲ့တစ်ခုက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကာအဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU/KNLA (PC) တပ်ရင်းမှူး စောဝင်းကျော်၏ ဇနီးဖြစ်သူ နော်ဖောဝါး (၃၈)နှစ် နှင့် PC တပ်ဖွဲ့ဝင်လေးဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး နေအိမ်အားမီးရှို့ဖျက်ဆီးသွားခဲ့သလို Vigo ကားနှစ်စီးကိုလည်း ယူဆောင်သွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး KNU/KNLA (PC) တပ်ရင်းမှူး စောဝင်းကျော်နှင့်အတူ သမီးဖြစ်သူ လွတ်မြောက်သွားခဲ့သည်ဟု လူမှုကွန်ရက်များတွင် ရေးသားဖော်ပြခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *