မိုင်းဆွဲတိုက်ခိုက်ခံရသည့် ယာဥ်ကို တွေ့ရစဥ်

၁.၁၁. ၂၀၂၂

Written by Min Mahar

ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်တွင် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးယာဉ်တန်း မိုင်းထောင်ဖောက်ခွဲခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်းက ရဲကားနဲ့စစ်ကားတွေ ဖြတ်သွားချိန် ဗုံးပေါက်ကွဲသွားပြီး ရဲတစ်ဦးနဲ့ယာဉ်တော့ ထိခိုက်သွားတယ်လို့ကြားတယ်။ အဲဒီအနီးမှာလည်း မကွဲသေးတဲ့ ဗုံးတစ်လုံးကိုလည်း တွေ့သေးတယ်တဲ့။ အသေအပျောက်တော့မကြားမိဘူး” ဟု ပေါက်ကွဲမှုအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၈ လမ်းနှင့် ၁၂ လမ်းထောင့်တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ယာဉ်တန်း မိုင်းထောင်ဖောက်ခွဲခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းပေါက်ကွဲမှုအနီးတွင် မကွဲသေးသည့် မိုင်းတစ်လုံးလည်း တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက ရှင်းလင်းသိမ်းဆည်းသွားကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်းတစ်ဦး ယာပေါင်နှင့် ယာနှုတ်ခမ်း မိုင်းစအနည်းငယ်(မစိုးရိမ်ရ) ထိမှန်ခဲ့ပြီး မော်တော်ယာဥ်အရှေ့ယာဘီးပေါက်သွားကြောင်းနှင့် သက်ဆိုင်ရာမှ ဖောက်ခွဲသူများအား လိုက်လံစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို Generation Z Power -GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး)မှ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခဲ့ကြောင်းကိုလည်း ဝန်ခံချက် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *