April 28, 2024

၁၅. ၈. ၂၀၂၃
Written by Nyein Kyaw

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲဖြစ်သူ Under Secretary General Mr. Martin Griffiths တို့ ယနေ့ တွေ့ဆုံစဉ်ဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under Secretary General Mr. Martin Griffiths ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဩဂုတ် ၁၅ ရက် (ယနေ့)မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတကာတွင် သတင်းအမှားများ ပျံ့နှံ့လျက်ရှိမှုနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အခြေအနေမှန်များကိုသိရှိရန် လိုအပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး လာရောက်တွေ့ဆုံသည့် UNOCHA အကြီးအကဲအား SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှုအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ SAC အစိုးရအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှုနှင့် တိုင်ရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News