၁. ၁၁. ၂၀၂၂

Written by Naing Thuta

တရားရုံးထုတ်စစ်ဆေးလာသည့် အချုပ်ကားတစ်စီး မီးပွိုင့်စောင့်နေစဉ် လက်လုပ်မိုင်းပစ်ပေါက်ခံရမှု မဟာအောင်မြေမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် ရဲမေနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

” ၇၈ လမ်းနဲ့ ၄၂ လမ်းထောင့်မှာ မီးပွိုင့်စောင့်နေတဲ့ အချုပ်ကားတစ်စီးကို ဗုံးနဲ့ ပစ်ပေါက်သွားတယ်။ ကားပေါ်ကလည်းပြန်ပစ်သေးတယ်။ မီးပွိုင့်မှာ အခြားအသွားအလာယာဉ်တွေ မရှိလို့ ကံကောင်းတာ။ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ဦးက ပစ်သွားတာလို့ကြားတယ်”ဟု အခင်းဖြစ်ရာနေရာအနီးတွင်ရှိနေသူတစ်ဦးက ကြားမြင်မှုအပေါ် MT News ကို ​ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၇၈လမ်း၊ ၄၂ လမ်းထောင့်ရှိ အမှတ် (၁၁) နယ်မြေရဲစခန်းအနီးတွင် အိုးဘိုထောင်မှ အချုပ်သားများအားတင်ဆောင်လာသည့် အချုပ်ကားသည် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ တရားရုံးထုတ်စစ်ဆေးမှုအပြီး အပြန်လမ်းတွင် မီးပွိုင့်စောင့်နေစဉ် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီး(စိစစ်ဆဲ) ပေါ်ရှိ အမည်မသိ လူနှစ်ဦးမှ အချုပ်ကား၏ ဝဲဘက်ဘေး ယာဉ်မောင်းဘက်တံခါးပေါက်မှ လက်ပစ်ဗုံးဖြင့် ကားခေါင်းခန်းအတွင်းသို့ပစ်ပေါက်ခဲ့ရာ ကားခေါင်းခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်း၏ ဘေးတွင်လိုက်ပါစီးနင်းလာသော ရဲမေ ၂ ဦး ထိခိုက်ဒဏ်ရာရှိသွားပြီး ရွာဘုံလူမှုကူညီရေးအသင်းကားဖြင့် နန်းတွင်းစစ်ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဆိုသည်။

အဆိုပါပစ်ပေါက်သွားသည့်သူများကို အချုပ်ကားတွင်ပါလာသော ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၁) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလည်း သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင်မူ ၎င်းလက်လုပ်ဗုံးပစ်ပေါက်မှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *