၁. ၁၁. ၂၀၂၂

Written by Thi Ha

ပုဇွန်တောင်ဘူတာတွင် လက်မှတ်အရောင်းစာရေးထံမှ သေနတ်ပြ ခြိမ်းခြောက်ကာ အနုကြမ်းစီး ငွေလုယက်မှုကို ယနေ့ မနက် ၉ နာရီ ဝန်းကျင်ခန့်တွင် လူငယ် ၂ ဦးက ကျူးလွန်ခဲ့ကြောင်းနှင့် ဖမ်းဆီးရမိရေးကိုလည်း ရထားရဲ နှင့် ပုဇွန်တောင်မြို့နယ် ရဲစခန်းတို့မှ စစ်ဆေးဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

တာဝန်ရှိသူမှ “ဖြစ်စဥ်က မှန်ပါတယ်။ အသာတကြည်မပေးလိုက်ဘဲ ခုခံတော့ လူလည်း ထိသွားတယ်။ ဆေးရုံတင်ပို့ထားပါတယ်။ အသေးစိတ် စုံစမ်းနေပြီး အမှုဖွင့်ထားပါတယ်။ လောလောဆယ် ဒါပဲ ပြောနိုင်ပါတယ်”ဟု ဆိုသည်။

ပုဇွန်တောင်ဘူတာစာရေး ဦးသိန်းဝင်းထွန်းသည် ဘူတာတွင်ရှိနေစဉ် လူငယ်နှစ်ဦးရောက်လာပြီး ပစ္စတိုသေနတ်ပြကာ ဘူတာရုံရှိငွေများထုတ်ပေးရန် ပြောခဲ့သည်။ ဦးသိန်းဝင်းထွန်းမှ ခုခံသဖြင့် အဆိုပါ လူငယ် ၂ ဦးက သေနတ်တစ်ချက်ပစ်ပြီး ဘူတာရှိဆိုင်ခန်းခ ကောက်ခံထားငွေ ကျပ်သိန်း ၂၀ ကျော်နှင့် လက်မှတ်ရောင်းရငွေ ကျပ်ကိုးသောင်းကျော်ကို လုယူထွက်ပြေးသွားကြောင်းသိရသည်။

မြို့ပတ်ရထား ဘူတာမှခွာအပြီး စင်္ကြန်တွင် လူအသွားအလာရှင်းနေစဥ် လက်မှတ်ရောင်းသည့် ရုံထဲ တံခါးပေါက်မှတွန်းဖွင့် ဝင်လာပြီး ခြိမ်းခြောက် ပစ်ခတ် လုယက်သွားခြင်းဖြစ်ကြောင်းလည်း သိရပြီး လက်ရှိတွင် ပစ်ခတ်ခံရသည့် ဦးသိန်းဝင်းထွန်းမှာ ဆေးရုံတင်ပို့ကုသမှုခံယူနေရကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *