၁. ၁၁. ၂၀၂၂

Written by Tha Doe

ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့  (Financial Action Task Force -FATF)၏ အရေးယူမှုကြောင့် နိုင်ငံတကာကုန်သွယ်မှုပြုသူများအနေဖြင့် ပို့ကုန်ဝင်ငွေရှိမှသာ သွင်းကုန်တင်သွင်းနိုင်မည့်စနစ်အား ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ကုန်သွယ်ရေးဦးစီးဌာနက ယနေ့မှ စ လုပ်ဆောင်နေကြောင်း သိရသည်။

“ဒေါ်လာရှိတယ်။ ဘတ်ရှိတယ်ဆိုပြီး ပြည်ပကနေ သွင်းကုန်တင်ချင်တိုင်းတင်လို့မရတော့ဘဲ ပြည်တွင်းကနေ ပို့ကုန်တစ်ခုခုပို့နေနိုင်တဲ့သူမှ အဆင်ပြေမှာပါ။ ဒီစနစ်က ပို့ကုန်သမားတွေ အကျိုးဖြစ်ပြီး သွင်းကုန်သမားတွေကတော့ အခက်တွေ့မှာပေါ့။ တစ်ဖက်မှာလည်း လက်နက်ကိုင်ဂိတ်ပေါင်းစုံက မှောင်ခိုဝင်နေတာတွေ အရှိန်အဟုန်နဲ့ ဝင်လာတော့မဲ့သဘောပေါ့။ သေချာတာကတော့ ထိုင်းကနေသွင်းနေတဲ့ကုန်စည်တွေ စျေးတက်ဦးမှာပဲ” ဟု ထိုင်းနိုင်ငံမှထုတ်ကုန်များ ပြည်တွင်းသို့တင်သွင်းနေသည့် အသေးစားလုပ်ငန်းရှင်တစ်ဦးက MT News သို့ပြောသည်။

ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ FATF ၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးနှင့် နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှု စနစ်တကျရှိစေရေးအတွက်နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်သည်။

ဤသို့ဆောင်ရွက်ရာတွင် သွင်းကုန်ပစ္စည်းများတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန် တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲပို့ငွေ အပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်သည်။ သွင်းကုန်တင်သွင်းသူများ အနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေဆောင်ရွက်ရမည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင် ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာတွင် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာ၌ ကုမ္ပဏီများအနေဖြင့်မိမိ၏ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည့် အထောက်အထား (Credit Advice)နှင့် ဘဏ် ငွေစာရင်းရှင်းတမ်း (Bank Statement)မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီး ဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ(သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်မှုပမာဏကို စိစစ်၍ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက်မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်သည်။

သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်ကြေညာလွှာ(Import Declaration-ID)ဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထား (Credit Advice)နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကိုပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။

သွင်းကုန်တင်သွင်းမှုများအတွက် ပို့ကုန်မှရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများကိုအခြေခံ၍ တင်သွင်းခွင့်ပြုမည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင် ခြင်းမရှိဘဲ အဆိုပါနေ့ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင် သွင်းမှုကို ၂ဝ၂၂ ခုနှစ်နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် အဆိုပါသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်သည်ဟု အသိပေးထားသည်။

ထိုသို့ တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့် ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့နောက်ပိုင်းဝင်ရောက်သည့် ဝင်ငွေကိုသာအသုံးပြု ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။ ထို့ပြင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီသည် ရရှိသည့်ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ အဆိုပါပို့ကုန်မှရရှိသည့်ဝင်ငွေကို အသုံးပြု၍ သွင်းကုန်ပစ္စည်းတင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်းသုံးစွဲနိုင်သည်ဟု ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *