MT News

Written by Min Mahar

ပြည်ကြီးတံခွန်မြို့နယ်ရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၃၁ ရက်နေ့တွင် Anonymous Force MDY အဖွဲ့က လက်လုပ်ဗုံးဖြင့်ပစ်သွားသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ဧည့်စာရင်းလာတိုင်သည့် လူငယ်နှစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတစ်ဦး၏ပြောဆိုမှုအရ သိရသည်။

“မနက် ၁၁ နာရီ လောက်က ပေါက်ကွဲတာ။ အုံး ကနဲအသံအကျယ်ကြီး ကြားလိုက်လို့ကြည့်လိုက်တော့ ရပ်ကွက်ရုံးမှာပေါက်ကွဲသွားတာ။ ပေါက်ကွဲမှုကြောင့် အုပ်မှူး၊ရာအိမ်မှုးနှစ်ယောက်နဲ့ ဧည့်စာရင်းလာတိုင်တဲ့ လူငယ်အမျိုးသားနှစ်ယောက် ထိပြီး ဒဏ်ရာရသွားကြလို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံနေကြတယ်။ အုပ်မှူးနဲ့ ရာအိမ်မှူးတစ်ယောက်တော့ တော်တော်ထိသွားပြီး စိုးရိမ်ရတယ်ကြားတယ်။ လာပစ်သွားတာ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့ လာပစ်သွားတာပါ” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊၁၂၃×၅၈လမ်းထောင့်ရှိ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့်ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲခဲ့ပြီး (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်မောင်ခင်နှင့်အတူ ရာအိမ်မှူးနှစ်ဦး ၊ ဧည့်စာရင်းလာတိုင်သည့် အသက် ၂၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားနှစ်ဦးတို့ ဒဏ်ရာများရရှိပြီး ပြည်သူ့ဆေးရုံကြီးသို့ “ရွှေမဉ္ဇူ “နာရေးကူညီမှုအသင်းယာဥ်ဖြင့် ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေကြောင်းသိရသည်။

၎င်းပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှူးတစ်ဦးသည် စိုးရိမ်ရကြောင်းနှင့် ပစ်ပေါက်သွားသည့် သူများအား သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါလက်လုပ်ဗုံးပစ်ခတ်မှုကို Anonymous Force MDY မှ”ကျွန်တော်တို့ Anonymous Force MDY နှင့် မဟာမိတ်များဖြစ်ကြသော Mandalay Young Force- MYFနှင့် Truth Keeping Force-AMAတို့နှင့်အတူ 31.10.2022 (10:35AM) အချိန်တွင် ၅၈ လမ်း ၁၂၃ လမ်းရှိ (စ)ရပ်ကွက်ရုံးထဲသို့ လျှက်ဆားဖြင့် ကျွေးမွေးပြုစုပါတယ်။ နောက်ဆက်တွဲသတင်းစုံစမ််းချက်အရ ၇ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အုပ်ကြီးအပါအဝင်၂ယောက် အပါယ်လားသွားကြောင်း” ဟု ၎င်းတို့ဖောက်ခွဲခဲ့ကြောင်း ဝန်ခံထားသည့် ကြေညာချက်အား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *