ဓာတ်ပုံ- ဦးသန်းဝင်း

MT News

Written by Hey Mar

ပြည်ပဧည့်သည့်များကို အဓိက မှီခိုသည့် ပြည်တွင်းမှ လက်မှု လုပ်ငန်းလက်ဆောင်ပစ္စည်း စျေးကွက်တွင် လုပ်ငန်းတချို့ ရပ်နားထားရသည်မှာ ၃ နှစ်ကျော် ကာလ အတွင်း ရောက်ရှိနေပြီဖြစ်၍ ဆက်လက်တောင့်ခံရန် အခြေအနေတစ်ခုကို စောင့်ဆိုင်းနေကြကြောင်း မြန်မာနိုင်ငံလက်ဆောင်ပစ္စည်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးသန်းဝင်းက MT News သို့ ပြောသည်။

ယခင်က နိုင်ငံခြားသား ဧည့်သည်များနှင့် စည်ကားခဲ့သည့် ရန်ကုန်မြို့၏ အထင်ကရ ဗိုလ်ချုပ်အောင်ဆန်းစျေးရှိ Souvenir Shop အများစုမှာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် နိုင်ငံခြားသားဧည့်သည်များ အဝင်အထွက် ကြဲသွားသည့်အတွက် ယခု အချိန်အထိ ဆိုင်ပြန်လည်ဖွင့်လှစ်ခြင်း မပြုနိုင်သေးသည်များလည်း ရှိသည်။

ဗိုလ်ချုပ်စျေးတွင် ကျောက်စိမ်းနှင့်ပြုလုပ်ထားသည့် လက်မှုပစ္စည်း လက်ဆောင်အရောင်းဆိုင်ဖွင့်လှစ်ရောင်းချသည့် ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ဗိုလ်ချုပ်စျေးက ရန်ကုန်မြို့ရဲ့ Tourism Site တစ်ခုပဲ။ ဘယ်ပြည်နယ်ရဲ့ ဘယ်မြို့ကိုလာတဲ့ နိုင်ငံခြားသားပဲ ဖြစ်ဖြစ် ရန်ကုန်ကနေ စထွက်ပြီး ရန်ကုန်နေ ပြန်ကြတာ။ ဒီစျေးကနေပဲ သူတို့ရဲ့ ပြည်တော်ပြန်လက်ဆောင်တွေ လာကြ ကြည့်ကြ ထပ်ဝယ်ကြတာပဲ။ အခုက ပြည်တွင်းမှာလည်း နိုင်ငံခြားသားက မရှိတော့ဘူး။ ခရီးသွားရာသီမှာလည်း မဝင်လာဘူးဆိုတော့ အမတို့လို ပစ္စည်းအရောင်းဆိုင်လေးတွေ ပိတ်ထားရတဲ့ အခြေအနေပါ” ဟု ဆိုသည်။

လက်ရှိတွင် ပြည်တွင်းပဋိပက္ခ အခြေအနေများကြောင့် နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မလာသေးသော်လည်း SAC ၏ နိုင်ငံတကာ ရင်းနှီးမြှပ်နှံ မှု ဖိတ်ခေါ်မှုများနှင့်အတူ နိုင်ငံခြားသားလုပ်ငန်းရှင်များ ကျွမ်းကျင်လုပ်သားများ ဝင်ရောက်လာနိုင်ချေကြောင့် Souvenir စျေးကွက် ပြန်လည် နာလန်ထူလာနိုင်ကြောင်း ဦးသန်းဝင်းက MT News သို့ ပြောသည်။

“Eco Tourism ပိုင်းက အလုပ်မဖြစ်ရင်လည်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဝင်လာမယ့် နိုင်ငံခြားသားတွေ ရှိလာမယ်။ SAC ကိုယ်တိုင်ကလည်း သူနဲ့ ပလဲနံပသင့်တဲ့ နိုင်ငံတွေကို ချိတ်ဆက် ကြိုးပမ်းနေတာပဲ။ ဝင်လည်း ဝင်လာကြမှာတွေ ရှိနေပါတယ်။ အဲဒီလို ဝင်လာရင် ကျွမ်းကျင်လုပ်သားတွေပါလာမယ်။ နောက်ပြီး အုပ်ချုပ်မှုပိုင်းကလူတွေ ဝင်လာရင် မိသားစုတွေလည်း ပါလာမယ်၊ နှစ်နိုင်ငံ အသွားအလာတွေရှိမယ်ယ ဥပမာ သူ့အိမ်ပြန်လိုက် လက်ဆောင်ဝယ်သွားလိုက် ဒါမျိုးတွေပေါ့။ မြန်မာပလာဇာ ဆောက်တုန်းကဆိုရင် ပြည်ပက အလုပ်သမားတွေ အများကြီးလာတာပဲ။ အဲဒီလို နည်းတွေနဲ့ ပြန်ပြီးအလုပ်ဖြစ်နိုင်ပါတယ်” ဟု ဦးသန်းဝင်းက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *