ဓာတ်ပုံ - ရှင်သန်ခွင့်လူမှုကူညီရေးအသင်း တောင်ဒဂုံ
၁၁. ၈. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၃ ရပ်ကွက်အပိုင်ထဲက ရေနှုတ်မြောင်းထဲမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ပုပ်ပွသေဆုံးနေတဲ့ရုပ်အလောင်းကို ဒီနေ့ သြဂုတ် ၁၁ ရက် နေ့လည်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
အဆိုပါအမျိုးသမီးငယ်မှာ အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပြီး စိတ်ကျန်းမာရေးမကောင်းဘဲ ၆၃ ရပ်ကွက်ထဲ လှည့်လည်သွားလာနေထိုင်နေရာက ပျောက်သွားတာ သုံးရက်ခန့်ရှိနေပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတချို့က ဆိုပါတယ်။
ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ ဝာာဝန်ရှိသူက “သေတာ နှစ်ရက် သုံးရက်လောက်ရှိပြီလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခန့်မှန်းတယ်၊ အလောင်းက ပုပ်နေပြီ၊ အနံ့ထွက်တော့ လိုက်ရှာကြရင်းနဲ့ ရေစပ်မှာ ပက်လက်ကြီးပေါ်နေတာကို အနီးအနားစျေးဆိုင်ကနေတွေ့လို့ ရဲကို ခေါ်လိုက်တာ။ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သေဆုံးတဲ့ အကြောင်းရင်းစစ်ဆေးဖို့ ကျွန်တော်တို့အသင်းကို ခေါ်ယူပြီး ရင်ခွဲရုံပို့ပေးဖို့ အကူအညီတောင်းလို့ ဆောင်ရွက်ပေးခဲ့တာပါ ´´လို့ MT News ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ နိဗ္ဗာန်ယာဥ်နဲ့ စံပြဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


