၁၁. ၈. ၂၀၂၃
Written by Ye Kyaw

ဒေါ်လာဈေး ကျပ် ၃,၅၀၀ ကျော်သို့ မြင့်တက်သဖြင့် ကျပ် ၃၇ သိန်းကျော်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးက ဒေါ်လာဈေးနှုန်း ကျဆင်းမှုမရှိသေးသော်လည်း တစ်ရက်အတွင်း ကျပ် ၆၀,၀၀၀ ဝန်းကျင် ပြန်လည်ကျဆင်းကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၇၀,၀၀၀ ဖြစ်နေကြောင်း သိရသည်။

ဩဂုတ်လ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၁,၉၁၈ ဒေါ်လာသာရှိပြီး လေးရက်အတွင်း ၁၆ ဒေါ်လာကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ရောင်းဈေး ကျပ် ၃,၅၅၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၁၀ အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးသည်လည်း အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၃၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၂၀,၀၀၀ အထိ မြင့်တက်ခဲ့သည်။

ဩဂုတ်လ ၁၁ ရက် (ယနေ့တွင်) ကမ္ဘာ့ရွှေဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၃,၅၆၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၃၀ ဖြစ်ပေါ်နေသော်လည်း ပြည်တွင်းရွှေဈေးကမူ တစ်ရက်အတွင်း ကျပ် ၆၀,၀၀၀ ဝန်းကျင် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

လက်ရှိတွင်မူ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ၄,၀၀၀ ကျော်အထိ မြင့်တက်မှုမရှိသော်လည်း ပြည်တွင်းရွှေဈေး ကျပ် ၃၇ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး ရွှေဈေးအမြင့်ဆုံးဖြစ်ခဲ့သည့် ကျပ် ၃၈ သိန်းအထိ မြင့်တက်စဉ်ကလည်း ဈေနှုန်းပြန်ကျချိန်တွင် ပိုက်ဘောမိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ဖူးသဖြင့် အရောင်းအဝယ်သတိထားလုပ်သင့်ကြောင်း ရွှေရောင်းဝယ်သူများက သုံးသပ်မှုများရှိသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ် ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ ဩဂုတ်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၁၀ ကျပ်၊ ဩဂုတ်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၆၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၁၀ ကျပ်၊ ဩဂုတ်လ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၅ ကျပ်၊ ဩဂုတ်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၇၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၁၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *