MT News

Written by Tha Doe

နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်သည့် ရတနာဆင်ဖြူတော်ငယ်အား ရဋ္ဌနန္ဒကဟု အမည်ပေး ကင်ပွန်းတပ်ပွဲသို့ SAC ဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက် နံနက်တွင်ကျင်းပသည့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ရတနာဆင်ဖြူတော်လေးအား ဘွဲ့တော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော် မင်္ဂလာအခမ်းအနားသို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး တက်ရောက်ခဲ့ပြီး ရတနာဆင်ဖြူတော်လေးအမည်အား “ရဋ္ဌနန္ဒက” ဟု ပေးအပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁)စီးကို ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရည် ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *