ပြည်တွင်းစျေးကွက်အတွင်းမှ ပဲတီစိမ်းကို တွေ့ရစဥ် Photo- စီးပွားကူးသန်း

၃၁.၁၀.၂၀၂၂

Written by Sein Mya

မြန်မာ့ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်ရည်ရွယ်ပြီး အစိုးရက ကျပ် ဘီလျံ ၆၀ အသုံးပြုကာ ကန်ထရိုက်လယ်ယာလုပ်ငန်းကို လက်ရှိဆောင်းရာသီမှ စတင်ပြီး အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲမျိုးစုံပြည်ပတင်ပို့ရောင်းချသည့် ကုန်သည်များထံမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်သူများလိုအပ်သည့် စိုက်ပျိုးစရိတ်အရင်းအနှီးများ၊ ပဲတီစိမ်းပြန်လည်ဝယ်ယူရေး လုပ်ငန်းများ စသည့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ပဲတီစိမ်းတင်ပို့ရောင်းချမည့် ကုမ္ပဏီများမှ တစ်ဆင့် တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးလွင်က“ ပဲတီစိမ်းက တစ်ဧကကို ၁ သိန်း ၂ သောင်းနှုန်းနဲ့ ဧကငါးသိန်းဆိုတော့ ဘီလျံ ၆၀ သုံးမှာ။ ကန်ထရိုက်လယ်ယာဆိုတာကတော့ ဒီပရောဂျက်ကို ကန်ထရိုက်လယ်ယာဆန်ဆန် လုပ်တဲ့ ပုံစံမျိုးပါပဲ။ ဟိုလိုမျိုးကြီးတော့ စနစ်ကျကန်ထရိုက်လယ်ယာရယ်လို့ မဟုတ်ပါဘူး။ နိုင်ငံတော်ကနေ တောင်သူတွေကို ပံ့ပိုးပေးတဲ့ငွေကို တောင်သူလက်ထဲကို ရောက်သွားအောင်လို့ ကြားထဲကနေပြီးတော့ Mediator ပေါ့။ အခုနကပြောသလို ပဲစိုက်ပျိုးရေးတို့  ဘာတို့က ဦးဆောင်ပြီးတော့ နိုင်ငံတော်ကနေ စိုက်ပျိုးစရိတ်ချေးငွေသဘောမျိုးနဲ့ စပါးတွေရော ပဲတွေရောချပေးတယ်။ အဲ့နေရာမှာလည်း ငွေရေး၊ ကြေးရေး၊ ဆုံးရှုံးမှုအပိုင်းလေးတွေရှိတယ်။ တစ်ချို့တောင်သူတွေဆိုရင်အကြွေးတင်နေတာတွေရှိတယ်။ ဒီတစ်ခါကတော့ ကုန်သည်ကိုကြားခံပြီးတော့ ပေးမယ်ပေါ့နော် ” ဟု MT News သို့ ပြောသည်။

မြန်မာ့စီးပွားဖွံဖြိုးရေး လုပ်ငန်းစဥ်အတွက် အစိုးရမှသီးသန့်ရန်ပုံငွေ ကျပ် ဘီလျံ ၄၀၀ ကို သြဂုတ်လအတွင်းက မတည်ခဲ့ပြီး ဘီလျံ ၁၇၀ ကို၂၀၂၂ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထုတ်လုပ်သွားမည့် စပါးနှင့် ပဲတီစိမ်းကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေချထားပေးသည်ဟု သိရသည်။

ယခုလိုဆောင်ရွက်ခြင်းဖြင့် ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ထုတ်သုံးစွဲရမည့် စိုက်ပျိုးစရိတ်အရင်းအနှီးကို သက်သာစေပြီး လိုအပ်သည့်မျိုးမှအစ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးစသည်များကို သုံးစွဲနိုင်မည်လည်းဖြစ်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးအေးထွန်းက MT News သတင်းဌာနသို့ ပြောသည်။

သူက “ ဒီအစီအစဉ်မှာ နိုင်ငံတော်ကလည်း ဘာပဲဖြစ်ဖြစ်သွင်းအားစုတွေရော၊ လိုအပ်တဲ့ငွေကြေးပံ့ပိုးမှုတွေရောလုပ်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့ရဲ့ ဒီကုန်ထုတ်လုပ်မှု တိုးတက်စေချင်လို့ပေ့ါနော်။ အဓိကကတော့ ကုန်ထုတ်လုပ်မှု တိုးတက်မှသာလျှင် Export များများရမယ်။ နိုင်ငံခြားငွေလည်း ပိုပြီးတော့ ရှာဖွေပေးနိုင်မယ်။ အဲ့လို ရှာဖွေနိုင်တဲ့အခါမှာ ဒီအချိန်မှာဖြစ်ပေါ်နေတဲ့ ငွေရေးကြေးရေးမတည်ငြိမ်မှုပေါ့နော်။ အထူးသဖြင့် ဒေါ်လာဈေးတွေ တက်သွားတာတို့ ဘာတို့ပေါ့နော်။ ဒါတွေကို ကျွန်တော်တို့ ထိန်းညှိနိုင်မယ်။ နောက်ပြီးတော့ အဲ့လိုထိန်းညှိနိုင်မှပဲ ဈေးနှုန်းတည်ငြိမ်ရေးနဲ့ သွင်းကုန်ဘက်မှာလည်း ပိုပြီးတော့ ကုန်စည်စီးဆင်းမှုရော၊ ဈေးနှုန်းတည်ငြိမ်ရေးရော၊ ဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့နော်။ ဒီအတွက်ကြောင့်မိုလို့ ဒီအစီအစဉ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ် ” ဟု ဆိုသည်။

ကန်ထရိုက်လယ်ယာစနစ်နှင့် ပတ်သက်၍ တောင်သူ၊ ကုမ္ပဏီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများကို ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရန်အတွက် မြေပြင်သည့် လုပ်ငန်းများဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ တောင်သူနှင့် ကုမ္ပဏီအချို့လည်း စတင်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ကုမ္ပဏီဘက်မှ ပံ့ပိုးပေးမည့် သွင်းအားစုများကိုလည်း ကုန်ကျစရိတ် ခြွေတာနိုင်အောင် ထိထိရောက်ရောက်ဖြန့်ဝေပေးဖို့ တောင်သူများက လိုလားနေကြသည်။

သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးတင်မြင့်အောင်က “ကန်ထရိုက်လယ်ယာစနစ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကပဲ ဝန်ထမ်းက အကုန်လိုက်ကြည့်နေဖို့ မလွယ်ပါဘူး။ အခု ဒီစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်မယ့်အပိုင်းတွေက ပိုးသတ်ဆေးကုမ္ပဏီတွေလည်းပါဝင်လာမယ်။ ဒါဆို သူတို့ ဝန်ထမ်းပိုင်းကလိုက်ကြည့်။ ကြည့်ပြီး တောင်သူလိုအပ်တာကို ဆောင်ရွက်မှာပေါ့။ တောင်သူလက်ထဲ ငွေမထည့်တဲ့ စနစ်ပါ။ အခုလက်ရှိမှာတော့ ကြီးကြီးမားမားဘယ်သူမှ ဝင်မလာသေးဘူးပေါ့။ နည်းနည်းပါးပါးအစပျိုးတာလေးတွေပဲ ရှိသေးတယ် ” ဟု ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *