MT News

Written by Tha Doe

လ ၂၀ ကြာသည့်အထိ မတိုးတက်သည့် အာဆီယံ မူငါးချက် စွန့်လွှတ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ NUG က အောက်တိုဘာ ၂၆ ရက်မှာ စာပို့ခဲ့ကြောင်း ထုတ်ပြန်သည်။

NUG ရဲ့ ဝန်ကြီး ဒေါ်ဇင်မာအောင် ပေးပို့တဲ့စာတွင် အာဆီယံ၏ မကြုံစဖူး ကြိုးပမ်းအား ထုတ်မှုများကို အသိအမှတ်ပြုကြောင်းဖေါ်ပြထားပြီး လွန်ခဲ့သည့် လပေါင်း နှစ်ဆယ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို အကြိမ်ကြိမ် ထပ်လောင်းဖေါ်ပြခဲ့ပြီး ဖြစ်ကြောင်း ၊​ မိမိတို့အနေဖြင့် အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ်ကြောင်း ဖေါ်ပြပါရှိသည်။​

မြန်မာပြည်သူများ၏ ကြီးမားသောအတိဒုက္ခကို အသိအမှတ်ပြုရန် အာဆီယံသည် ရှေ့ခရီးအတွက် အလေးအနက် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပြီး NUG၊ CRPH၊ ERO၊ NLD၊ ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှ ကိုယ်စားလှယ်များ၊ ကြားဖြတ် ပြည်နယ်/ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုသည့်ကော်မတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ပြည်သူ့ကိုယ်စားလှယ်များကို အစုအဖွဲ့ဆိုင်ရာဆွေးနွေး ပွဲတစ်ခုကျင်းပရန် လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

NUG သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် တရုတ်၊ အမေရိကန်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံတို့ကို ဖိတ်ကြား ခေါ်ယူ ကျင်းပရန် အာဆီယံနှင့် အာဆီယံ၏မိတ်ဆွေများကိုတောင်းဆိုလိုပါကြောင်း ၊ (ASEAN Coordination Center for Humanitarian Assistance on Disaster Management) AHA စင်တာအား လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ချဉ်းကပ်မှုများတွင် မိမိတို့နှင့် ပွင့်လင်း စွာ ထိတွေ့ဆက်ဆံနိုင်စေရန် အာဆီယံအား တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *