၃. ၈. ၂၀၂၃
Written By Thandar

ရွှေကြိုတစ်ဦးအနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာသူ ၂၀၂၃ ခုနှစ် ရွှေကြိုမောင်ကျော်ဇင်က အနုပညာပိုင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ဝင်တိုးရတာ နေရာမပေးချင်တဲ့ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော်က ၂၀၁၉ ခုနှစ်တုန်းက ရွှေကြိုအဖြစ် ရွေးချယ်ခံခဲ့ရတာပါ၊ အဲဒီတုန်းကဆိုရင် အယောက် ၁,၀၀၀ နီးပါးလာပြိုင်တဲ့အထဲမှာ ပါခဲ့တာဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ အဲဒီနောက်ပိုင်း ကိုဗစ်ဖြစ်သွားတော့ ရွှေကြိုအနေနဲ့ မလုပ်လိုက်ရဘူး။ ၂၀၁၉ ခုနှစ်က ရွှေကြိုမောင်မယ်တွေကို ၂၀၂၃ မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲအတွက် ရွှေကြိုပြန်ခေါ်တဲ့အချိန်မှာ ပြန်ပြီး ဝင်ရောက်လျှောက် ထားခဲ့တာပါ။ ၂၀၁၉ မှာ ရွှေကြိုရွေးခံရပြီးနောက် အဲဒီအချိန်ပိုင်းကြားထဲ များများစားစား မလုပ်ဖြစ်ဘူး။ ရုပ်ရှင်ကားထဲမှာတော့ တစ်ခန်း၊ နှစ်ခန်းလောက်တော့ ပါဖြစ်တယ်။ ကိုဗစ်ဖြစ်သွားတဲ့အချိန် စိတ်ဓာတ်ကျသွားပြီး ဘာမှ မလုပ်ချင်တော့တဲ့ စိတ်တောင် ဖြစ်မိတယ်။ အိမ်ထဲမှာပဲနေရင်း ဘဝကို ဖြတ်သန်းဖြစ်ခဲ့တယ်။၂၀၁၉ လောက်က ကျွန်တော် အနေနဲ့ Casting ဝင်လျှောက်ခဲ့တာတွေ ရှိပါတယ်။ သူ့လူကိုယ်လူဆိုပြီး မျက်နှာသာပေးမခံရဘဲ Casting အရွေးမခံရဘဲ ပြန်ထွက်လာခဲ့ရတာတွေ လည်းရှိခဲ့တယ်။ အသစ်တစ်ယောက်အနေနဲ့ ဝင်တိုးရတာ နေရာမပေးချင်တဲ့ အခက်အခဲတွေကြုံခဲ့ရတယ်” လို့ ကျော်ဇင်က MT News ကို ရင်ဖွင့်လာပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-03_10-26-55-2-698x1024.jpg

ကျော်ဇင်ဟာ ၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြို မောင်မယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် အကယ်ဒမီပေးပွဲမကျင်းပတော့မယ့်အချိန်မှာ အနုပညာ လမ်းကြောင်းပေါ်က အလှမ်းဝေးကွာခဲ့ရသူလည်း ဖြစ်ပါတယ်။

“ ခုနောက်ပိုင်း Casting တွေက ပွင့်လင်းမြင်သာရှိလာတယ်။ အခွင့်ရေးရရင် ရသလို ကျွန်တော်ဆက် ကြိုးစားမယ်။ ကျွန်တော်က ဘယ်လိုပဲ အခက်အခဲရှိရှိ မအောင်မြင်ဖူးဆိုရင်လည်း စိတ်ဓာတ်မကျပါဘူး။ ငါလိုအပ်ချက်ရှိနေသေးလို့ မအောင်မြင်သေးတာလို့ပဲ တွေးထားတယ်။ ကျွန်တော်က အခုမှ တက်သစ်စတစ်ယောက်ပဲ ရှိသေးတာဆိုတော့ ကြိုးစားဖို့လည်း အများကြီး လိုပါသေးတယ်။ ထပ်ပြီးတော့လည်း အများကြီး ကြိုးစားသွားမှာပါ။ အနုပညာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် အများကြီး လုပ်ချင်တယ်။ ဘယ်ဇာတ်ကောင် ကာရိုက်တာကိုပဲရရ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ချင် တယ်”လို့ သူကဆက်ပြောပါတယ်။

ကျော်ဇင်က လက်ရှိ ရုပ်ရှင်ဇာတ်ကားတချို့မှာ ကျရာနေရာက ပါဝင် ကြိုးစားရိုက်ကူးနေလျက်ရှိပြီး ကြော်ငြာတွေကို လည်း လက်ခံရိုက်ကူးလျက်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *