ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်နေရာအတွက် လျာထားခံရသူ အိမ်နဲ့မြေယာ အရောင်းအဝယ်လုပ်ငန်း လုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗင်ဆင် ကို တွေ့ရစဉ်

၃. ၈. ၂၀၂၃
Translated by Htwe Ko Tun

ဖျူထိုင်းပါတီက မဲအများဆုံးရတဲ့ Move Forward Party (MFP) မပါဝင်ဘဲ အစိုးရသစ်ဖွဲ့စည်းဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားမှုအား အရေးယူသည့်ဥပဒေ(Lese Majesty Law) ကို ပြင် ဆင်ရေးအား အဓိကဦးစားပေးအနေနဲ့ မလျှော့တန်းလက်ကိုင်ထားနေသော MFP အနေနဲ့ ဖျူထိုင်းပါတီ ရဲ့ အစိုးရ အဖွဲ့သစ်ဖွဲ့ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်မှာမဟုတ်ပါဘူးလို့ ဩဂုတ်လ ၂ ရက်က သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ပြီး ပါတီခေါင်းဆောင် ချွန်လာနန် ဆရီကော ကပြောကြားခဲ့ပါတယ်။

ဒီနောက် ဩဂုတ်လ ၃ ရက်မှာတော့ အစိုးရအဖွဲ့သစ်မှာ ပါဝင်ဖို့ ဖျူထိုင်းပါတီက လျာထားသူ အစိုးရအဖွဲ့ဝင်ငါးဦးကိုလည်းထုတ်ဖေါ်ပြောကြားခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ ပါလီမန်မှာ ဩဂုတ်လ ၄ ရက်မှာ ကျင်းပဖို့ ကြေညာထားတဲ့ ဝန်ကြီးချုပ်လောင်းနေရာ ပူးတွဲမဲပေးရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်းနေရာအတွက် ဖျူထိုင်းပါတီက အိမ်နဲ့မြေယာ အရောင်းအဝယ်လုပ်ငန်း လုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဆရက်သာ သာဗင်ဆင်ကို လျာထားပြီး ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်ခံမှာပါ။

ပါတီခေါင်းဆောင် ချွန်လာနန် ဆရီကော ကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်မှာလို့ဆိုပြီး ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဖြစ်တဲ့ ပေတုံတန် ရှီနာဝပ်ထရာ ကတော့ နိုင်ငံခြားရေးဝန်ကြီးနေရာကို တာဝန်ယူဖို့ လျာထားတယ်လို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနတွေကိုတော့ ပါတီအတွင်းရေးမှူးချုပ် ပရာဆတ် ဂျန်တာရာရွန်တုံ နဲ့ ပါတီ ဒုတိယခေါင်းဆောင် ဂျူလာပွန် အမွန်ဗီဗတ် တို့က ဝန်ကြီးများအဖြစ် သီးခြားစီတာဝန်ယူဖို့ လျာထားတယ်လို့လည်းသိရပါတယ်။

ဘဏ္ဍာရေးဝန်ကြီး နေရာအတွက်ကိုတော့ ပါတီရဲ့ ပြင်ပပုဂ္ဂိုလ်တစ်ဦးကို ဖိတ်ခေါ်ဖို့ ဖျူထိုင်းက ရည်ရွယ်တယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။ ကျန်ဝန်ကြီးဌာနတွေအတွက်လည်း ဖျူထိုင်းက အသစ်ဖွဲ့စည်းတဲ့ ညွန့်ပေါင်း မဟာမိတ်အဖွဲ့မှာပါတဲ့ တခြားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင်ပါတီတိုင်း ဝန်ကြီးတစ်နေရာစီနဲ့ အောက်လွှတ်တော်မှာ အနိုင်ရတဲ့အမတ်အရေအတွက်နဲ့ ဖျူထိုင်းပါတီနဲ့ ဆွေးနွေးမှုအပေါ် တည်လို့ ဒုတိယဝန်ကြီးနေရာများရရှိကြမယ်လို့လည်း ဆိုပါတယ်။

ဖျူထိုင်းက ရှစ်ပါတီမဟာမိတ်အဖွဲ့မှ နုတ်ထွက်ပြီး MFP မပါဝင်တဲ့ အစိုးရသစ်ဖွဲ့စည်းရေးအတွက် အခြားပါတီတွေနဲ့ ပူးပေါင်းခဲ့ခြင်းကို MFP ရဲ့ တုံ့ပြန်မှုများအပေါ် စောင့်ကြည့်နေကြပါတယ်။

Ref——Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *