၃. ၈. ၂၀၂၃
Written by Ye Kyaw

ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများရှိနေသော်လည်း မြန်မာ့ကုန်ထုတ်လုပ်မှု ခြောက်လဆက်တိုက် တိုးတက် မှုရှိနေသည့်အပြင် လုပ်ငန်းအသစ်များ အခိုင်အမာတိုးတက်နေကြောင်းနှင့် စက်ရုံများမှ အော်ဒါအသစ်ရရှိမှု ခုနစ်လဆက်တိုက် တိုးတက်ခဲ့ကြောင်း ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ကြားနေအမှတ် ၅၀ အထက်တွင် ခြောက်လဆက်တိုက် မှတ်တမ်းတင်ခဲ့ပြီး ဇူလိုင်လတွင် PMI အညွှန်းကိန်း ၅၁ ဒသမ ၁ တွင် ဆက်လက်ရှိသည်။ ယင်းခြောက်လအနက် ပြီးခဲ့သည့် ဇွန်လအတွင်း PMI အညွှန်းကိန်း ၅၀ ဒသမ ၄ ဖြင့် အနိမ့်ဆုံးဖြစ်ခဲ့သည်။

ငွေကြေးဖောင်းပွမှုများ ဇူလိုင်လအတွင်း ပြန်လည်အရှိန်ရလာနေသော်လည်း မြန်မာနိုင်ငံ၏ စက်မှုထုတ်လုပ်မှု အသစ်တဖန် မြင့်တက်လာနေပြီး လုပ်ငန်းအသစ်များ အခိုင်အမာနှင့် တိုးတက်ရရှိလာခြင်းများကို တွေ့ရှိရ ကြောင်းနှင့် စက်ရုံအော်ဒါများသည် ဇူလိုင်လတွင် ခုနစ်လဆက်တိုက် တိုးရလာခဲ့ရာ သုံးနှစ်ကျော်အတွင်း အရှည်ဆုံးတိုးရလာမှု ဖြစ်စဉ်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

“ကုန်ကြမ်းရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်းများ ပိုမြင့်တက်လာခဲ့ကာ လတ်တလော ဒေါ်လာ-ကျပ်ငွေ လဲလှယ်နှုန်း ဆိုးရွားလာကြောင်း အစီရင်ခံမှုတွေကြောင့် ထည့်ကုန်ဈေးနှုန်းများဟာ မြင့်တက်လာခဲ့ရာ ဆယ်လအတွင်းမှာ ငွေကြေားဖောင်းပွမှု ဖိအားပေးမှုများကို အမြန်ဆုံးနှုန်းနဲ့ ရှေ့ဆက်မြှင့်ပေးခဲ့ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryan Baluch က ပြောသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပိုခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *