၁.၈. ၂၀၂၃
Written by Nay Moe

PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇူလိုင် ၂၇ ရက် တစ်နေ့တာအတွင်း ကျောင်းသားငယ်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဥ်များမှာ ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာနေ ဦးကျော်မြင့် (၅၇)နှစ် (ဘ) ဦးလှစိန်သည် ၎င်းပိုင် ဆိတ်များအား ကျေးရွာ၏မြောက်ဘက်တောထဲ၌ သွားရောက် လွှတ်ကျောင်းပြီး နံနက် ၁၁ နာရီတွင် နေအိမ်သို့ပြန်လည်ထွက်ခွာလာခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း ဝင်ပေါက်မုခ်ဦးအနီးအရောက် PDF များက (အင်အားစိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်မြင့်တွင် ဦးခေါင်းနောက်စေ့နှင့် ဝမ်းဗိုက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာနေ ဒေါ်ဇာခြည်ဆွေ (၄၀) နှစ် (ဘ)ဦးကျော်ဆွေသည် မတ္တရာမြို့မဈေးမှ ဈေးဝယ်ပြီး ဥဒိန်ကျေးရွာသို့ ကိုရဲကြီး(ခ) ရဲရင့်အောင် မောင်းနှင်သည့် ထော်လာဂျီယာဉ်ဖြင့်ပြန်လာစဉ် နံနက် ၁၀ နာရီတွင် ဥဒိန်ကျေးရွာအဝင်အနီးရှိ တံတားပေါ်အရောက် တံတားပေါ်တွင်စောင့်ဆိုင်းနေသည့် PDF ၂ ဦးက ထော်လာဂျီယာဉ်အား တားဆီးပြီး ဒေါ်ဇာခြည်ဆွေအား ယာဉ်ပေါ်မှဆင်းခိုင်းကာ ဓားဖြင့်ခုတ်ခဲ့သဖြင့် ဒေါ်ဇာခြည်ဆွေတွင် လည်ပင်းနှင့်ယာပါးတို့၌ ပြတ်ရှဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဦးဝင်းအောင်ဌေး (၄၃)နှစ် (ဘ)ဦးကြာယုံသည် တူမဖြစ်သူ မနွဲ့ယဉ်ဝင်း (၄၀)နှစ် (ဘ) ဦးဘိုလောနှင့်အတူ တစ်ရွာတည်းနေ ဦးရဲမင်းစိုး၏ ထောင်လာဂျီယာဉ်အား တောင်သာမြို့၌ သွားရောက်ပြုပြင်ရန် ၎င်းမောင်းနှင်သည့် 8M/xxxx Light Truck မော်တော်ယာဉ်ဖြင့် ကြိုးဖြင့်ဆွဲ၍ မောင်းနှင်လာစဉ် ဇရပ်ကြီးကျေးရွာမှ တောင်သာ-နွားထိုးကြီးကားလမ်းသို့သွားသည့် မြေသားလမ်းပေါ်အရောက် PDF ၄ ဦး (စိစစ်ဆဲ) က ဆိုင်ကယ် ၂ စီးဖြင့် ၎င်းတို့၏ မော်တော်ယာဉ်ရှေ့မှ လမ်းပိတ်ရပ်ပြီး ၎င်းတို့ ၃ ဦးအား ယာဉ်ပေါ်မှဆင်းခိုင်းကာ မနွဲ့ယဉ်ဝင်းနှင့် ကိုရဲမင်းစိုးတို့ ၂ ဦးအား မြေပေါ်၌ မှောက်ခိုင်းကာ ဦးဝင်းအောင်ဌေးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး Light Truck မော်တော်ယာဉ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးဝင်းအောင်ဌေးတွင် ယာနားထင်မှ ဝဲပါးသို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနေ့တွင်ပင် မွန်းလွဲ ၂ နာရီတွင် မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာနေ ဦးဌေးစိုး (၅၅)နှစ် (ဘ)ဦးရင်ရွှေသည် မြင်းခြံမြို့မှ ဈေးဝယ်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် မြင်းခြံ-ကျောက်ရံ-ဖောင်းကား ကျေးရွာလမ်းအတိုင်း တစ်ဦးတည်းပြန်လည်မောင်းနှင်လာစဉ် ဖောင်းကားကျေးရွာအနီးအရောက် PDF များ(အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဌေးစိုးတွင် ဦးခေါင်း ယာဘက်ခြမ်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ည ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအတွင်းသို့ PDF များက မင်းကောင်းရွာဘက်မှ Drone ၄ စီးဖြင့် Drop Bomp ၄ လုံးအားလည်းကောင်း၊ ကျေးရွာ၏အနောက်မြောက်ဘက်ရှိ တောင်ကုန်းပေါ်မှ လက်လုပ်စိန်ပြောင်းများဖြင့် ၅ ချက်ခန့်လည်းကောင်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စိန်ပြောင်းဗုံးသီးများမှာ ကျေးရွာ၏မြောက်ဘက် အပြင်ဘက်သို့လည်းကောင်း၊ Drop Bomp ၄ လုံးမှာ ကျေးရွာအတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း Drop Bomp ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မောင်စည်သူဖြိုး(၁၃)နှစ် Grade 7 (ဘ)ဦးပြည့်သိန်းတွင် ဦးခေါင်း၌ ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်များအပြင် ည ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာနေ ဦးဇော်မင်း (၄၃)နှစ် (ဘ)ဦးအေးမြင့်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ အကြမ်းဖက်သမား အမျိုးသား ၆ ဦး (စိစစ်ဆဲ)မှ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားသဖြင့် ဦးဇော်မင်းတွင် ဝဲလက်မောင်းကျည်ရှပ်ထိဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် အလယ်ကုန်းတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

NUG ဩဇာခံ PDF များက တော်လှန်ရေးဟုဆိုကာ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၁၀၀ အထက် သေဆုံးထားပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၀ အတွင်း သံဃာများနှင့် သီလရှင် ၄ ပါး၊ နိုင်ငံ့ဝန်ထမ်း ၂၈ ဦးနှင့် အပြစ်မဲ့ပြည်သူ ၇၇၂ ဦးသတ်ဖြတ်ခံထားရသည်ဟု SAC ဥက္ကဋ္ဌက ဇူလိုင် ၃၁ ရက်တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *