MT News
၃၁.၇. ၂၀၂၃

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထား သည့်ကာလအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယခုကြေညာလိုက်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံသက်တမ်းတိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ပြင်ဆင်ခြင်း၊ ထပ်မံ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် နိုင်ငံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့၌ တိုးတက်မှုများရရှိခဲ့သည့်အခြေအနေများ တင်ပြခဲ့သည်။ ထို့အတူ အကြမ်းဖက် အဖွဲ့များဖြစ်သည့် NUGI CRPH၊ PDF အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိမှုနှင့် အကြမ်းဖက်သမား များ၏ ပညာရေးကဏ္ဍနိမ့်ကျစေရေး အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်သတင်းပို့မှုများကြောင့် ဖမ်းဆီးရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် GDP တိုးတက်လာမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ဆက်လက်တိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့မှုနှင့် လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်မည့်အခြေအနေများ၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCAလက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေး နွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် အခြေအနေများ၊ မဲစာရင်းမှန်ကန်တိကျမှုရှိစေရေးအတွက် အဓိကကျသည့် သန်းခေါင်စာရင်း ကောက်ယူရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရသည့်အခြေအနေများ၊ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အခြေ အနေများ၊ ရွေးကောက်ပွဲဆိုင်ရာအခင်းအကျင်းများ၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တင်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယာယီသမ္မတအပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဖက်ဖက်ကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိသော်လည်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF တို့က အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ နိုင်ငံ၏ပညာရေးနိမ့်ပါးကျဆင်းစေရန် ဘက်ပေါင်းစုံမှလုပ်ဆောင်ခြင်း၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား၊ မီးရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်းဆွေးနွေးခဲ့ကြသည်။ အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပျက်ပြား စေရုံသာမကဘဲ ပြည်သူလူထုကို အကြောက်တရားဖြင့်လွှမ်းမိုးကာ နိုင်ငံတော်၏အာဏာကို အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေဆဲ ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေး ပါတီများ၏ ပြင်ဆင်ချိန်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရခြိမ်းခြောက်မှုများ တွေ့ကြုံနေရခြင်း၊ မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက် ဆဲဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် လွတ်လပ်၍တရားမျှတပြီး အကြောက်တရား ကင်းစွာဖြင့် မဲပေးနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ဆဲ ဖြစ်ခြင်းတို့ကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များပြီးမြောက်အောင် ဆောင် ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘောထားထုတ်ပြန်ချက် အရ လည်းကောင်း နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထား သည့်ကာလအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *