၃၁.၇.၂၀၂၃
Written by Peya

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများသည့်အတွက် ရန်ကုန်အပါအဝင် နေရာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း ဖြစ်စဉ်ဖြစ်ပွားရာ နေရာအသီးသီးတွင် နေထိုင်သူတချို့ထံ MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားခဲ့ရာ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် နေရာအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရကာ အချို့နေရာများတွင် မိုးများသည့် အတွက် ရေလျှံခဲ့ကာ မိုးတိတ်သွားပြီး အချိန်အနည်းငယ်အကြာတွင် ရေပြန်ကျခဲ့ကြောင်းလည်း သိရသည်။

“မနက်ကတော့ မိုးအရမ်းရွာတော့ ရေက တော်တော်တော်တက်ခဲ့တာ။ အခုတော့ မိုးက တိတ်သွားပြီ။ ဒါပေမယ့် ရေက ကျန်နေသေးတယ်။ နေရာတော်တော်များများမှာလည်း ရေလျှံတာမျိုးတွေ ဖြစ်ခဲ့တယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်လည်း အချို့နေရာများတွင် မိုးများသည့်အတွက် ရေလျှံခြင်းများရှိခဲ့ကြောင်း သိရသည်။

“မိုးများတော့ ရေက လျှံတာ။ မနက်ကဆို ကားတွေ ပိတ်နေတယ်။ မြင်ခဲ့ရသလောက်ဆို အထက်ပန်းဆိုးတန်းဘက်မှာ ရေလျှံတယ်။ နတ်မောက်လမ်းနဲ့ ဗဟန်းလမ်းထောာင့်မှာလည်း ရေလျှံတယ်” ဟု ဗဟန်းမြို့နယ်တွင် နေသူတစ်ဦးကဆိုသည်။

မိုးများစွာရွာသွန်းသည့်အတွက် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးက နေရာအချို့တွင်လည်း ရေကြီးခြင်းဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“မိုးများလို့ ရေကြီးတာနဲ့ မြစ်ရေကြီးတာနဲ့ နှစ်ခုရှိပါတယ်။ မြစ်အထက်ပိုင်းတွေ မိုးများရင်တော့ မြစ်ရေကြီးတာ ရှိတယ်။ အခုလည်း မိုးများလို့ ရေကြီးတာက မိုးများနေတဲ့ မွန်တို့ မြစ်ဝကျွန်ပေါ် ဒေသတွေ တောင်ပိုင်းဒေသတွေမှာ ရှိတယ်။ မိုးများတာ။ တောင်ကျရေများမယ်ပေါ့” ဟု မိုးများ၍ ရေကြီးရေလျှံမှုဖြစ်ရသည့် အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက ဆိုသည်။

မိုးများ၍ ရေကြီးခြင်းသည် မိုးရွာသွားမှု လျော့သွားပါက ကျဆင်းသွားလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ဒေသတွင်း မိုးများတာနဲ့ ဒီရေထရက်ဆိုရင် အဲ့ဒီနှစ်ခုပေါင်းရင် မြစ်ကမ်းပါးမှာ ရေတက်တာတွေ ကြုံရနိုင်တယ်။ အခုက လပြည့်ဆိုတော့ ဒီရေ ထရက်လည်း ဖြစ်နေတယ်” ဟု ဦးလှထွန်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News