ဒက်ကာမြို့တွင် BNP ပါတီဝင်များက ဇူလိုင် ၃၁ ရက်က ဆန္ဒပြနေကြစဉ်။

၃၁.၇.၂၀၂၃
Translated by Htwe Ko Tun

တောင်အာရှဒေသအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ဇူလိုင်လရဲ့ နောက်ဆုံးအပတ်အတွင်းမှာတော့ အပြောင်းအလဲအခြေအနေတစ်ရပ်ကို စတင်ရင်ဆိုင်နေရပြီလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အင်အားအကြီးဆုံးအတိုက်အခံပါတီလည်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP—Bangladesh Nationatilist Party) က ပါတီဝင်တွေရဲ့ ကြီးမားလှတဲ့ လူထုဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင် ၂၈ ရက် သောကြာနေ့က ဒက်ကာမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ တစ်ဖန် ဇူလိုင် ၃၁ ရက်မှာလည်း BNP ပါတီဝင်တွေက ဒက်ကာမြို့မှာ ဆန္ဒပြပွဲကြီးတစ်ရပ် ထပ်မံပြုလုပ်ခဲ့ကြပြန်ပါတယ်။

BNP ပါတီအနေနဲ့ ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာကို ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမူနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတဲ့အချိန်ကစလို့ ကစဉ့်ကလျားဖြစ်ရတဲ့အခြေအနေကို ရောက်ခဲ့ရတာပါ။ ဒီနောက် ပြီးခဲ့တဲ့လတွေမှာတော့ BNP ပါတီက ထောက်ခံသူထောင်ပေါင်းများစွာကိုစုရုံးပြီး လူနေမှုစရိတ် အဆမတန်မြင့်မားလာမှုအပေါ် အစိုးရကို မကျေမနပ်ဖြစ်နေမှုတွေ ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာပါပဲ။

ဆန္ဒပြပွဲတွေမှာ BNP ပါတီ အဓိကတောင်းဆိုခဲ့တာကတော့ လက်ရှိဝန်ကြီးချုပ် ဟာစီနာကို ရာထူးက နုတ်ထွက်ပေးဖို့ပါပဲ။ ပြီးတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံကို ကြားနေဝါဒရှိတဲ့ ကြားဖြတ်အစိုးရကနေ တာဝန်ယူအုပ်ချုပ်သွားဖို့ပါ။ ဒါပေမယ့် ဒီအချက်တွေကို လက်ရှိအစိုးရကလည်း မလိုက်လျောနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

BNP ပါတီခေါင်းဆောင် အဗ္ဗဒူလ် မိုရင်းခန်းကလည်း “ကျွန်တော်တို့ပါတီရဲ့ အဓိကတောင်းဆိုချက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီဝါဒကို ပြန်လည်အသက်သွင်းနိုင်ဖို့ပါ။ ဒါကလွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်မှဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကြားနေဝါဒရှိတဲ့ ကြားဖြတ်အစိုးရလက်အောက်မှာ ရွေးကောက်ပွဲကျင်းပသွားဖို့ တောင်းဆိုရတာပါ” လို့ ပြောခဲ့ပါတယ်။

လက်ရှိအာဏာရ ဝန်ကြီးချုပ်ဟာစီနာရဲ့ အဝါမီပါတီအစိုးရကတော့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန်ပဲ ဖြိုခွဲခဲ့ပါတယ်။ အနည်းဆုံးပါတီထောက်ခံသူ ၁,၀၀၀ ကျော်လောက် အဖမ်းခံခဲ့ရပြီလို့လည်း BNP ပါတီဘက်က ပြောခဲ့ပါတယ်။ အဝါမီပါတီဘက်ကလည်း အလားတူ ဆန္ဒပြပွဲတွေ ပြန်လည်ပြုလုပ်လာကြပြန်တာကြောင့် နိုင်ငံရေးပါတီနှစ်ခုအကြား ပဋိပက္ခက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို မတည်မငြိမ်ဖြစ်စေကာ မည်သို့သော အပြောင်းအလဲတွေဖြစ်လာမလဲ စောင့်ကြည့်ရတဲ့အခြေအနေရောက်လာပါတယ်။

ဒီမှာပဲ အမေရိကန်အစိုးရက ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အခြေပျက်စေတယ်လို့ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်တင်းကျပ်တဲ့ မူဝါဒတစ်ရပ်ကို မေလမှာ ချမှတ်ခဲ့ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိစေရမယ်လို့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ တစ်ဖန်အမေရိကန်အစိုးရ ကွန်ဂရက်အမတ် ၁၄ ဦးကလည်း နယူးယော့ခ်မြို့မှာရှိတဲ့ အမေရိကန်သံအမတ်ဆီကတစ်ဆင့် ကုလသမဂ္ဂဆီ စာတစ်စောင်ပို့ခဲ့ရာမှာ ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိ‌စေရေး ဝင် ရောက်စွက်ဖက်ဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လေ့လာသူပညာရှင်တွေကလည်း နိုင်ငံရဲ့ရွေးကောက်ပွဲမှာ ပါဝင်စွက်ဖက်မယ်ဆိုရင် ဒီမိုကရေစီအခြေခံမူတွေကို ချိုးဖောက်ရာရောက်မှာဖြစ်ပြီး သံတမန်ဆက်ဆံရေးကိုပါ ရေရှည်ထိခိုက်မှုဖြစ်‌စေမယ်လို့ ဇူလိုင် ၂၉ ရက်မှာ ပြောခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ ‘ရှိတ်ဟာစီနာ အုပ်ချုပ်မှုအောက်မှသာ ရွေးကောက်ပွဲကျင်းပနိုင်မည်’ ဆိုတဲ့ အဝါမီပါတီဝင်တို့ရဲ့ ကြွေးကြော်သံနဲ့ ‘ရွေးကောက်ပွဲကို ဟာစီနာမပါဘဲ ကျင်းပမှအောင်မြင်လိမ့်မည်’ ဆိုတဲ့ BNP ပါတီဝင်တို့ရဲ့တောင်းဆိုသံများအကြား ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ စောင့်ကြည့်သွားရမှာပါ။

Ref——-Dhaka Tribune, Reuters

Leave a Reply

Your email address will not be published. Required fields are marked *