၃၁. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်း၊ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် မိုခါမုန်တိုင်း၏သက်ရောက်မှုများအပြင် အထက်မြန်မာပြည်တွင် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ပင်ခဲ့ရမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရသော်လည်း အော်ရီဒူးမြန်မာ၏ ဝင်ငွေရရှိမှုသည် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ကာတာအခြေစိုက် အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီသည် ဇူလိုင် ၃၁ ရက်နေ့တွင် ကမ္ဘာတဝှမ်းရှိ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီ၏ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းရရှိခဲ့သော အကျိုးအမြတ်ဝင်ငွေများကို ထုတ်ပြန်ခဲ့ရာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းရရှိခဲ့သော ဝင်ငွေနှင့်နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရရှိခဲ့သော ဝင်ငွေအကျိုးအမြတ်က ၂၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ အော်ရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကာလတူ ဝင်ငွေထက် ၄ ရာခိုင်နှုန်းကျော် တိုးမြင့်ရရှိခဲ့ကြောင်း အော်ရီဒူးကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အော်ရီဒူးမြန်မာအနေဖြင့် Customer အရေအတွက်လည်း တိုးမြင့်လာနေကြောင်း၊ တစ်နှစ်အတွင်း Customer အရေ အတွက် ၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး မြန်မာနိုင်ငံတွင် အော်ရီဒူးမြန်မာ၏ Customer စုစုပေါင်း ၈ ဒသမ ၅ သန်း အထိရှိနေကြောင်း သိရသည်။

အော်ရီဒူးစီးပွားရေးလုပ်ငန်းစုသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ ၎င်းတို့၏ဆက်သွယ်ရေးလုပ်ငန်းများကို Nine Communications Pte. Ltd ထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံခြားကုမ္ပဏီများ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ရာ ကာတာအခြေစိုက် အော်ရီဒူးစီးပွားရေးလုပ်ငန်းစုကလည်း ၂၀၁၃ ခုနှစ်တွင် အော်ရီဒူးမြန်မာဆက်သွယ်ရေးလုပ်ငန်းကို တည်ထောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော တယ်လီနောသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများလုပ်ကိုင်မှုကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

Ref- ooredoo

Leave a Reply

Your email address will not be published. Required fields are marked *