ဓာတ်ပုံ - လှိုင်းဘွဲ့မီးသတ်တပ်ဖွဲ့

၃၁ .၇ .၂၀၂၃
Written by Hey Mar

ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းလျှက်ရှိတာကြောင့် လှိုင်းဘွဲ့မြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားလျှက်ရှိနေတယ်လို့ လှိုင်းဘွဲ့မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ရေအများဆုံး ဝင်ရောက်နေတဲ့ ရပ်ကွက်က (ခ)ရပ်ကွက်ဖြစ်ပြီး အိမ်ထောင်စု ၆ စုက လူဦးရေ ၃၁ ဦးကို မနေ့က ဇူလိုင် ၃၀ ရက်နေ့မှာ ညတွင်းချင်း ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့မှာ ဇူလိုင် ၂၉ ရက် ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်နေခဲ့ပေမယ့် အခြေအနေ ဆိုးဆိုးရွားရွားမဖြစ်သေးတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဦးဆောင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းတွေက အသင့်အနေအထားပြင်ဆင်ထားကြကြောင်း၊ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေစတင်ဝင်လာချိန်မှာ ၂ ထပ်အိမ်တွေက မပြောင်းရွှေ့လိုကြသော်လည်း အခြား အထပ်နိမ့် အဆောက်အဦတွေကတော့ ရေက ရင်ဆို့လောက်ရောက်လာချိန်မှာ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခံလာကြတယ်လို့ သိရပါတယ်။

ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၆ စုက လူဦးရေ ၃၁ ဦးကို အမှတ်(၃) အ.မ.က(မူလွန်) ကျောင်းမှာ တာဝန်ရှိသူတွေရဲ့ စီမံ ညွှန်ကြားချက်နဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ကူညီနေရာချပေးခဲ့တယ်လို့ သိရပါတယ်။ ရေနစ်မြှပ်မှုကြောင့် လူ တိရစ္ဆာန်နဲ့ အခြေခံအဆောက်အဦ ထိခိုက်ပျက်စီးမှုတွေ မရှိသေးဘဲ လက်ရှိအချိန်မှာတော့ ရေတစတစ ပြန်ကျနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News