ဓာတ်ပုံ - မြေပြင်လူမှုကူညီရေးအသင်း(မကွေး)

၃၁.၇.၂၀၂၃
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့ရှောင်လမ်းနဲ့ ၃၁၇ လမ်းကြားမှာ ရက်သားအရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်အရင်းက လမ်းဘေးအမှိုက်ခုံကြားမှာ စွန့်ပစ်မှု ဒီနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့နယ်အခြေစိုက် ပရဟိတအသင်းတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကို ခေမာလူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပြရာမှာ ၎င်းတို့အသင်းထံကို ဒီမနက် ၉ နာရီ ၁၀ မိနစ်ခန့်က အကူအညီတောင်းခံတဲ့ တယ်လီဖုန်းတစ်ခု လက်ခံရရှိခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်း ကြားခဲ့ပြီး အခင်းဖြစ်ရာနေရာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မြေပြင်လူမှုကူညီရေးအသင်းထံကို တာဝန်လွှဲပြောင်းပေးခဲ့ကြောင်း၊ အဲဒီကတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရှာဖွေလို့ ကလေးရဲ့ ဖခင်နဲ့ အဘွားဖြစ်သူတို့ကို စုံစမ်းရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မိဘတွေရှာတွေ့ပြီဆိုပေမယ့် ကလေးအမေကို မတွေ့ဘူး။ အမေက အိမ်ကထွက်ပြေးသွားတဲ့ပုံပဲ။ စွန့်ပစ်သွားတာလည်း အမေကပဲ။ သူတို့နဲ့ ညှိနှိုင်းတာကို ကြားရသလောက်ကတော့ သူတို့ကချမ်းမြေ့သာယာဘက်က ကျူးတွေထဲမှာနေတာ။ အဖေကလည်း အမှိုက်ကောက်တယ်လို့ပြောတယ်။ ကလေးအမေက အသက်ငယ်ငယ်လေး ရှိဦးမယ့်ပုံပဲ။ စားသောက်ဆိုင်မှာ သန့်ရှင်းရေးအလုပ်က ပြန်ဝင်ရတော့မှာကို ကလေးကြည့်ပေးဖို့ ယောက္ခမနဲ့ ယောကျာ်းက တာဝန်မယူနိုင်တာကြောင့် အခုလိုလုပ်မိလုပ်ရာ လုပ်သွားပုံပဲ”လို့ ခေမာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးကို ချမ်းမြေ့သာယာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးကပဲ တာဝန်ယူကြည့်ရှုပေးထားပြီး အုပ်ချုပ်ရေးမှူးရဲ့ ဇနီးကိုယ်တိုင်မှာလည်း လသားအရွယ် နို့စိုကလေးငယ်လေးတစ်ဦးရှိနေတာကြောင့် စွန့်ပစ်ခံသမီးငယ်လေးကို နို့ချိုတိုက်ကျွေး စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *