MT News

Written By Thandar

3D Animation ဖန်တီးမှုတွေနဲ့အတူ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ သမိုင်းကြောင်းကို လူငယ်လေးတွေ ပိုမိုသိရှိစေဖို့ ရည်ရွယ်ချက်နဲ့ ခုခေတ်ကာလမှာအနုပညာကို ရူးနေလို့လုပ်တယ်လိုပဲဆိုဆို အနုပညာကိုချစ်လို့ ငွေကြေးအကုန်အကျခံပြီး “မြတ်ရွှေတိဂုံ” Music Video ပုံဖော်ရိုက်ကူးနေတယ်လို့ တေးသံရှင် ရန်ရှင်းက MT News ကို ပြောပါတယ်။

“မြတ်ရွှေတိဂုံသီချင်းကိုရှေ့က ပညာရှင်ကြီးတွေလည်း သီဆိုထားပြီးသားပါ။ ကျွန်တော့်အနေနဲ့က အခြားသူတွေနဲ့ မတူအောင် ရွှေတိဂုံနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေကို လူငယ်တွေကို ပိုသိစေချင်တယ်။ ဒါကြောင့် ပုံမှန်ရိုက်ကူးနေကျ တေးသီချင်းပုံစံမျိုးမဟုတ်ဘဲ သမိုင်းကြောင်း အကြောင်း အရာတွေကို တကယ့်ကို အဝတ်အစားပုံစံတွေကအစ 3D Animation တွေပါထည့်သွင်းပြီး ရိုက်ဖို့အတွက် စဉ်းစားဖြစ်သွားတာပါ။ ခုခေတ်ကာလမှာ အနုပညာကို ရူးနေလို့ လုပ်လို့ပဲ ဆိုဆို အနုပညာကိုချစ်လို့ ငွေကြေးအကုန်အကျခံပြီး ဒီသီချင်းကို အကောင်းဆုံး ရိုက်ကူးပုံဖော်နေပါတယ်။ ဒီရိုက်ကူးမှုမှာ ပါဝင်ရိုက်ကူးပေးတဲ့ ဒါရိုက်တာ၊ စက်အဖွဲ့တွေ၊ သရုပ်ဆောင်တွေကအစ အားလုံးကလည်း သေချာလေးပြင်ဆင်ဖန်တီးထားတာပါ။ ဒီသီချင်းလေးက အကျိုးအမြတ်အတွက် ရိုက်ထားတာမဟုတ်ပါဘူး။ ရွှေတိဂုံစေတီမြတ်ကြီးရဲ့ သမိုင်းအစဉ်အလာကို သိဖို့အတွက် သီချင်းထဲမှာ ထည့်သွင်းရိုက်ကူးပုံဖော်တာဖြစ်တဲ့အတွက် တကယ်လို့ အမှားလေးတွေ ပါလို့ရှိရင်လည်း ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်”လို့ တေးသံရှင်ရန်ရှင်းက ပြောပါတယ်။

တေးရေး ပြည်သိမ်းဆွေရဲ့ တေးသီချင်းကောင်းတစ်ခုဖြစ်တဲ့ မြတ်ရွှေတိဂုံအတွက် အဝတ်အစားအပြင်အဆင်ပိုင်းကို ထက်မြတ်အောင် ၊ 3D Animation ကို Tiger နဲ့ တည်းဖြတ်ပိုင်းကိုဝဏ္ဏ (Crutch) တို့ကတာဝန်ယူဆောင်ရွက်ပေးထားပါတယ်။ ဒါရိုက်တာ အာကာလင်းက တေးသံရှင်၊ သရုပ်ဆောင် ရန်ရှင်းနဲ့အတူ ထက်မြတ်အောင်၊ နေဓန၊ ဆောင်းထိပ်ထား၊ တောက်တဲ့၊ တိုးတက်၊ ဒိုးဝိုင်းတို့နဲ့ ရိုက်ကူးထားလျက်ရှိပါတယ်။

“ဘုရားသမိုင်းကို ကျွန်တော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ရိုက်ကူးခွင့် မရခဲ့တဲ့အတွက် တကယ်လို့ ဒီသီချင်းထွက်လာခဲ့ရင် ပရိသတ်တွေက မင်းတို့ကလည်း ရွှေတိဂုံဘုရားသမိုင်းရိုက်ပြီး ဘုရားပုံကိုတောင် ဒရုန်းနဲ့ ရိုက်ထားတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ပြောရင်လည်း ကျွန်တော်တို့ ခံရမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အခုလိုမျိုး ကြိုတင်ပြီး အသိပေးထားချင်တာပါ။ တကယ်လို့ သီချင်းလေး ထွက်လာခဲ့ရင်လည်း အားပေးကြပါဉီးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နေဓနကပြောပါတယ်။

တေးသံရှင် ရန်ရှင်းရဲ့ မြတ်ရွှေတိဂုံ တေးသီချင်းကို Legacy Music Channel က ဩဂုတ်လအတွင်း ထုတ်လွှင့်တင် ဆက်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *