၃၁. ၇ ၂၀၂၃

Written by Thettant

အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်း၊ စည်းရုံးခွင့်ပြုထားပြီး ယနေ့အထိ အဖွဲ့ပေါင်း ၃၀၄၃ ဖွဲ့ ခွင့်ပြုပေးထားကြောင်း အလုပ်သမားဝန်ကြီး ဌာနက ယနေ့အသိပေးသည်။

မြန်မာနိုင်ငံအနေဖြင့် ILO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ILO Convention No. 87 ပါ အသင်းအဖွဲ့များ လွတ် လပ်စွာ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်သည်။

ထို့အတွက်၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ) တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီပြည့်စုံ၍ မှန်ကန်ပါက အလုပ်ရှင်နှင့် အလုပ် သမားအဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုလျက်ရှိသည်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံ၍ လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအလုပ်သမားအဖွဲ့ချုပ်၊ မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများအလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေကြောင်းပြမှူးကြီးများအလုပ်သမားအဖွဲ့ချုပ်၊ လွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များ အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ် သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နှင့် အလုပ် သမားအဖွဲ့ချုပ်၊ အလုပ်ရှင်အဖွဲ့ချုပ်များအဖြစ် ဖွဲ့စည်းခွင့်ပြုထားပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း ၁ ဖွဲ့၊ မြို့နယ် အလုပ် သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့ အစည်း ၂၆ ဖွဲ့၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၄ ဖွဲ့တို့ကိုလည်း ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်သည်။

သို့ပါ၍ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းပြီးသည့်အချိန်မှစတင်၍ ယနေ့အထိ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း ၃၀၄၃ ဖွဲ့တို့အား အသိအမှတ်ပြု လက်မှတ်များထုတ်ပေးပြီးဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *