MT News

Written by Nay Aung

မြန်မာနိုင်ငံတွင် ငွေကျပ် ၂၀၀၀၀ တန် အသစ်ထုတ်လုပ်မည်ဟု ကြေညာခဲ့ပြီးနောက် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းများ ယခင်ထက် ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်ဟု Thai PBS World သတင်းဌာနက ဖော်ပြခဲ့သည်။

ငွေကျပ် ၂၀၀၀၀ တန်အသစ် ထပ်မံထုတ်ဝေမည်ဟု နစကအဖွဲ့က ကြေညာခဲ့သော ဇူလိုင် ၂၃ ရက်နေ့တွင်နိုင်ငံခြားငွေကြေးလဲလှယ်မှုများနှင့် ဈေးကွက်များတွင် ဝယ်ယူသူများမြင့်တက်ခဲ့ပြီး အချို့ဈေးကွက်များတွင် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယာယီဆိုင်းငံ့ခြင်းများရှိနေခဲ့သည်။ ထို့နောက် ဇူလိုင် ၂၄ ရက်နေ့တွင် နိုင်ငံခြားငွေကြေးလဲလှယ်မှုလုပ်ငန်းများ၌ ငွေကြေးလဲလှယ်သောဈေးနှုန်းက အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၃၀၀ ကျပ်နှုန်းဖြင့် ဈေးစဖွင့်ခဲ့ပြီး ဈေးပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာအရောင်းကို မြန်မာကျပ်ငွေ ၃၂၀၀၊ အဝယ်ကို ၃၅၀၀ အထိ ဈေးမြင့်တက်နေခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်နေ့တွင် ဈေးကွက်မဖွင့်ခင်က နိုင်ငံခြား ငွေကြေးလဲလှယ်မှုနှုန်းများသည် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၄၀၀ နှင့် ၃၅၀၀ ကြားရှိနေခဲ့ပြီး ကျပ်ငွေ ၂၀၀၀၀ တန်မထုတ်ခင်အချိန်ကဈေးနှုန်းထက် ကျပ် ၅၀၀ အထိ မြင့်တက်နေခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်နေ့တွင် စင်ကာပူတစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၂၄၀၀ ပေါက်ဈေးရှိနေပြီး ယခင်ထက် ကျပ် ၃၀ဝ မြင့်တက်ခဲ့သလို ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုးလည်း မြင့်တက်နေခဲ့သည်။ ဇူလိုင် ၂၉ ရက်နေ့က ထိုင်းဘတ်ငွေတစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၀၀ ပေါက်ဈေးရှိနေခဲ့ပြီး ယခင်ထက် ကျပ်ငွေ ၂၀ မြင့်တက်နေကြောင်းသိရသည်။

နစကအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်လာ၊ ရွှေနှင့် အခြားလူသုံးကုန်ပစ္စည်းတန်ဖိုးများမြင့်တက်ခဲ့သော်လည်း အသစ်ထုတ်ဝေမည့် ကျပ်ငွေ ၂၀၀၀၀ တန်ကြောင့်မဟုတ်ကြောင်း ဆိုသည်။ ထို့အပြင်မြန်မာနိုင်ငံဗဟိုဘဏ်ကလည်း ငွေကျပ် ၂၀၀၀၀ တန် သည် လက်ရှိအသုံးပြုနေပြီး ဟောင်းနွမ်းပျက်စီးနေသည့် ငွေကြေးများနေရာတွင် အစားထိုးထုတ်ဝေခြင်းမျိုးဖြစ်၍ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မာရဝိဇယဘုရား အောင်မြင်စွာတည်ထားနိုင်ခြင်းအပြင် ဆင်ဖြူတော်ရဋ္ဌနန္ဒက၏ မွေးနေ့အထိမ်းမှတ်အဖြစ် ငွေကျပ် ၂၀၀၀၀ ကို အကန့်သတ်ဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်းနစကအဖွဲ့က သတင်းထုတ်ပြန်ထားသည်ဟု Thai PBS World သတင်းဌာနက ရေးသားထားသည်။

Ref- thaipbsworld

Leave a Reply

Your email address will not be published. Required fields are marked *