သောင်းရင်းမြစ်ထဲမှ ပြန်လည်ကယ်ဆယ်ခဲ့ရသူ အမျိုးသားအားတွေ့မြင်ရပုံ(ဓာတ်ပုံ -မြဝတီ ဒေသခံ ပရဟိတအဖွဲ့)

MT News

Written by Hey Mar

မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) ပေါ်ကနေ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ခုန်ချခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီနေ့ ဇူလိုင် ၃၀ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်မှာ အဆိုပါ ခုန်ချသူ အမျိုးသားက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ စိတ်ကျန်းမာရေးအတွက် ဆေးကုသမှု ခံယူပြီး အမဖြစ်သူ၊ ဇနီးဖြစ်သူတို့နဲ့အတူ ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို လမ်းလျောက်ပြန်လာချိန် မြန်မာဘက်ခြမ်း တံတားအမြင့်ပေ(၄၀)ခန့်အရောက်မှာ

တံတားအပေါ်ကနေ သောင်ရင်းမြစ်ထဲကို ခုန်ချခဲ့ပြီး အဲဒီလို ခုန်ချခဲ့တာကြောင့် နှစ်ဖက်စလုံးက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သောင်းရင်းမြစ်ထဲက စက်လှေတွေ ဝိုင်းဝန်းကယ်ဆယ်ခဲ့တာကြောင့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တံတားပေါ်က ခုန်ချသူ အမျိုးသားက မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ (၂) လမ်းမှာနေထိုင်သူလို့ ဆက်လက်စုံစမ်းသိရှိရတာကြောင့်ရော၊ စိတ်ကျန်းမာရေးမှတ်တမ်းတွေပါ ပါရှိတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညွှန်ကြား ချက်အရ ပရဟိတအသင်းအဖွဲ့တွေက တာဝန်ယူကာ နေအိမ်ကို လိုက်လံ ပို့ဆောင်ပေးခဲ့​တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် မြို့တော်ခန်းမအနီးက မြစ်ကူးတံတား သံဖရိန်ဆိုင်းတန်းတွေပေါ်ကို စိတ်ကျန်းမာရေးချို့ယွင်းသူလူငယ်တစ်ဦး တံတားအမြင့်ဆုံးနေရာအထိတက်ကာ ကခုန်နေတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ

မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးကရိန်းယာဥ် ယာဥ်အသုံးပြုပြီး အဲဒီ့လူငယ်ကို ပြန်လည်ကယ်တင်ခေါ်ဆောင်ခဲ့ရတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *