MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်းပေါ်က၊ မုဒိတာအိမ်ရာ(၁)မှာ ဇူလိုင် ၃၀ ရက် ညနေပိုင်းက အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး တိုက်ပေါ်ကနေခုန်ချလို့ အပြင်းအထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့တဲ့ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဖြစ်စဥ်ဟာ ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းဆီကို ညနေ ၆ နာရီလောက်က မုဒိတာအိမ်ရာ(၁)မှာ လူတစ်ဦးတိုက်ပေါ်က ခုန်ချလို့ ဆေးရုံ တင်ပို့နိုင်ဖို့ သူနာတင်ယာဥ် အကူအညီတောင်းတာကြောင့် အခင်းဖြစ်နေရာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အချိန်နဲ့ တစ်ပြေးညီရောက်ရှိနေပြီး လူနာကို ဆေးရုံတင်ပို့နိုင်ဖို့ မြေပြင်ပြုကုသမှုအပိုင်းကို ပရဟိတအဖွဲ့က လုပ်ဆောင်ရာမှ သတိလစ်မေ့မြောနေတာကြောင့် အောက်ဆီဂျင်မပြတ်ပေးပြီး အင်းစိန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“အခြေအနေကတော့ သတိလစ်မေ့မြောနေတဲ့ အခြေအနေနဲ့ ဆေးရုံအရေးပေါ်ပို့ခဲ့ရတာပါ။ (B)အဆောင် (၄)လွှာအမြင့် အနောက်ပေါက်ကနေ ခုန်ချတာလို့ပဲ သိရပါတယ်။ ဘာကြောင့်လဲ သေချာတော့ မသိရပါဘူး။ ဆန်းရှိတ်တွေကြောင့်သာ အသက်မသေတာ ပြုတ်ကျတဲ့ အရှိန်နဲ့ ဆေးရုံရောက်တဲ့အထိ လုံးဝသတိမရပါဘူး။ ကျွန်တော်တို့လည်း လမ်းမှာ အောက်စီဂျင်မပြတ်ပေးပြီး သွားတာမို့ ဆေးရုံရောက်တော့ အသက်ရှုနှုန်းကောင်းလာတယ်။ အောက်စီဂျင်ကောင်းလာတယ်”လို့ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက်၊ ၄၂ လမ်းမှာ အမျိုးသားတစ်ဦး ၈ ထပ်တိုက်ရဲ့ ၈ လွှာကနေ ပြုတ်ကျပေမယ့် အပြင်းအထန် ဒဏ်ရာမရရှိဘဲ အသက်ရှင်လျှက် ဆေးရုံကို တင်ပို့ကုသပေးနိုင်ခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *