MT News

Written by Nay Aung

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ ကုဗမီတာ ၅၂ ဘီလျံနီးပါး ပို့လွှတ်ပေးနိုင်ခဲ့ကြောင်း တရုတ်အခြေစိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသော ဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင် ၂၈ ရက်နေ့တွင် ၁၀ နှစ်ပြည့်သွားခဲ့ကြောင်း၊ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းက တရုတ်နိုင်ငံ စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ခဲ့သလို တရုတ်နိုင်ငံအတွက်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်ကူဖြစ်စေခဲ့ကြောင်းတရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကို South-East Asia Crude Oil Pipeline Co နှင့် South-East Asia Gas Pipeline Coတို့က စီမံခန့်ခွဲနေပြီး ကုမ္မဏီတစ်ခုစီတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္မဏီက ရှယ်ယာ ၅၀ ဒသမ ၉ ရာခိုင်နှုန်းပါဝင်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ်ဒီဇင်ဘာလအထိ တရုတ် -မြန်မာဓာတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ရှယ်ယာသည် ၁၆၅ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာရှိပြီး တစ်နှစ်ကို ဓာတ်ငွေ့ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့လွှတ်နိုင်အောင် ဒီဇိုင်းရေးဆွဲလုပ်ဆောင်ထားကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ ချိတ်ဆက်ထားကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းတွင် မြန်မာ၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကော်ပိုရေးရှင်းပေါင်း ၆ ခု ပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၀ ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ဇူလိုင် ၂၈ ရက်တွင်ဓာတ်ငွေ့ပို့လွှတ်မှုများ စတင်ခဲ့ကြောင်း သိရသည်။ ဓာတ်ငွေ့ပိုက်လိုင်း စတင်ချိန်အတွင်း နှစ်ဖက်သဘောတူညီမှုများအရ ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ခန့်အပ်ခဲ့ကာ ၈၀ ရာခိုင်နှုန်းက ဒေသခံများဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်စွမ်းအင်ကုမ္မဏီဖြစ်သော CNPC က ပြောသည်။

Ref- globaltimes

Leave a Reply

Your email address will not be published. Required fields are marked *