MT News

Written by Nay Aung

ဇူလိုင်လအစောပိုင်းကတည်းက ပျောက်ဆုံးသွားခဲ့သော မလေးရှားနိုင်ငံရောက် မြန်မာအရေးလှုပ်ရှားသူ မသူဇာမောင်နှင့်မိသားစုဝင်များ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သီတင်းပတ်သုံးပတ်ကျော်ကြာချိန်အထိ တိကျသော သတင်းအချက်လက်များကို မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

သို့သော် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မသူဇာမောင်နှင့်မိသားစုပျောက်ဆုံးနေခြင်းကို စုံစမ်းရှာဖွေနေပြီး ရရှိသည့်သတင်းအချက်အလက်အသေးစိတ်ကို ချက်ချင်းထုတ်ပြန်ပေးမည်ဟုပြောဆိုထားကြောင်း မသူဇာမောင်နှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးကပြောသည်။

မသူဇာမောင်နှင့် ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်သည့် မလေးရှားရောက် ချင်းတိုင်းရင်းသားအရေးလှုပ်ရှားသူ ဂျိန်းစ့် ဘာဝီက ၎င်းအနေဖြင့် မကြာသေးမီက မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၏ လျှို့ဝှက်သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ပြီး မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းပြောသည်။

မသူဇာမောင်သည်၂ဝ၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီကတ် ကိုင်ဆောင်ထားသူဖြစ်ကာ မလေးရှားရောက် မြန်မာဒုက္ခသည်အရေးလှုပ်ရှားနေကြောင်း သိရသည်။အသက် ၄၆ နှစ်အရွယ်ရှိ မသူဇာမောင်သည် ပြီးခဲ့သော ဇူလိုင် ၄ ရက်က ကွာလာလမ်ပူမြို့ မလေးရှားနိုင်ငံ Ampang Jaya အရပ်ဒေသရှိနေအိမ်တွင် အသက် ၄၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူစောသန်းတင်ဝင်း၊ သားသမီးများဖြစ်သည့် ပိုးခင်မောင်၊ အောင်မြင့်မောင်၊ သုခမောင်တို့နှင့်အတူ အမည်မသိလူအုပ်စု၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

CCTV မှတ်တမ်းများအရ ဇူလိုင် ၄ ရက် ညနေက ကားတစ်စီးသည် မသူဇာမောင်တို့ မိသားစုနေထိုင်နေသောအိမ်ကိုရောက်ရှိလာခဲ့ပြီးနောက်၂ နာရီကျော်အကြာတွင် မိသားစုဝင်များကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။မသူဇာမောင်နှင့် မိသားစုဝင်များသည် အဆိုပါရက်ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အဆက် အသွယ်မရတော့ကြောင်းသိရသည်။

Ref- themalaysianinsight

Leave a Reply

Your email address will not be published. Required fields are marked *

Related News