ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများမြင်ကွင်း။

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ နာရာသီဝပ်ပြည်နယ်၏ (မလေးရှားနိုင်ငံနှင့် နယ်စပ်အနီး) ဆန်ဂေးကိုလော့ခ်ခရိုင်၌ ဇူလိုင် ၂၉ ရက်မွန်းလွဲပိုင်းက သိုလှောင်ရုံတစ်ခုတွင် မီးရှုးမီးပန်းများပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ပေါက်ကွဲမှုက ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ခရိုင်တွင်း မျူနိုဈေးရှိ ဝီရတ်ပါနစ် အမည်ရှိဈေးဆိုင်၏ သိုလှောင်ရုံ၌ ဂဟေဆော်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။ ပေါက်ကွဲမှုက သိုလှောင်ရုံနှင့်ဈေးအတွင်း၌ပါ ကြီးမားစွာထိခိုက်ပျက်စီးမှုဖြစ်စေခဲ့သည်။ မျူနိုဈေးက နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသောဈေးကွက်လည်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် နယ်မြေအတွင်း အိမ် ၂၀၀ ခန့် ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။

နာရာသီဝပ်ပြည်နယ် အုပ်ချုပ်ရေးမှူးဆာနန်က ရှေးဦးစုံစမ်းချက်များအရ သံမဏိဂဟေဆော်မှုလုပ်ငန်းစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာမှားယွင်းမှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဟု ပြောခဲ့သည်။ ပေါက်ကွဲမှုနှင့်အတူ ကြီးမားသောမီးခိုးလုံးကြီး ကောင်းကင်သို့တက်လာခဲ့ပြီး အိမ်များ၊ ဆိုင်များနှင့် ကားများပါ ထိခိုက်ပျက်စီးခဲ့သည်။ အချို့အဆောက်အအုံများဆိုလျှင် မီးလောင်ကျွမ်းမှုဖြစ်ကာ အမိုးများပြိုကျခဲ့သည်ကို တွေ့ရသည်။

ဆန်ဂေး ကိုလော့ခ် ခရိုင် ဆေးရုံက ညနေ ၆ နာရီအထိ ဒဏ်ရာရဆေးရုံတက်သူ ၁၁၅ ဦးနှင့် သေဆုံးသူ ၉ ဦးရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် ၁၄ ဦးမှာပြင်းထန်ပြီး အရေးပေါ် ကုသမှုခံယူနေရကြောင်းလည်း သိရသည်။

ဒေသခံမီဒီယာများက ထိခိုက်ပျက်စီးနေသော အိမ်များအတွင်း ပိတ်မိနေသူများရှိနိုင်ကြောင်းရေးသားခဲ့ကြရာ ကယ်ဆယ်ရေးသမားများက ၎င်းတို့ကို ကယ်ထုတ်နိုင်ရန်ကြိုးပမ်းခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကမူ ပြည်နယ်အတွင်း မီးရှုး မီးပန်းစက်ရုံအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News