MT News

Written by Nay Aung

မြန်မာနိုင်ငံကူးလက်မှတ် (Passport) သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် နိုင်ငံကူးလက်မှတ်အားအကောင်းဆုံး (Most Powerful Passport) နိုင်ငံများစာရင်းတွင် အဆင့် ၉၀ နေရာ ရပ်တည်နေကြောင်း Henley & Partners အဖွဲ့က ပြောသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၉၉ ခု၏ နိုင်ငံကူးလက်မှတ်များကို လေ့လာသုံးသပ်ပြီးနောက် ၂၀၂၃ ခုနှစ်အတွက် နိုင်ငံကူးလက်မှတ် အားအကောင်းဆုံး နိုင်ငံများအညွှန်းကိန်း The Henley Passport Index ကို အဆင့်သတ်မှတ်ဖော်ပြခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် အချက်အလက်များကို နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ The International Air Transport Authority (IATA) ထံမှ ရယူခဲ့ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်အားအကောင်းဆုံး နိုင်ငံများအညွှန်းကိန်းကို သတ်မှတ်ဖော်ပြထားခြင်းဖြစ်သည်။

The Henley Passport Index အညွှန်းကိန်းသည် ဗီဇာမလိုဘဲ ကမ္ဘာတဝှမ်းရှိ နေရာ၊ ဒေသများကို အများဆုံး သွားလာနိုင်သော နိုင်ငံကူးလက်မှတ်များအကြောင်းကိုအဓိကထား ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော The Henley Passport Index အညွှန်းကိန်းတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၉၀ သတ်မှတ်ခံရပြီး နေရာဒေသပေါင်း ၄၇ ခုကို ဗီဇာမလိုဘဲသွားလာနိုင်ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အဆင့်အတန်းသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံက ကမ္ဘာ့အဆင့် ၁ တွင် ရပ်တည်နေကာ ကမ္ဘာတဝှမ်းရှိ နေရာဒေသပေါင်း ၁၉၂ ခုကို ဗီဇာမလိုဘဲ သွား ရောက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အဆင့်ရပ်တည်မှုသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်ဖြင့် နှိုင်းယှဉ်လျှင် အဆင့်ပိုမို မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် The Henley Passport Index အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် ၉၉ ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

Ref- henleyglobal

Leave a Reply

Your email address will not be published. Required fields are marked *

Related News