မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံအကြီးအကဲ ကင်ဂျုံအန်း၏ တစ်ဖက်တစ်ချက်၌ ရုရှားနှင့်တရုတ် အစိုးရအရာရှိကြီးများ ခြံရံလျက် ကိုရီးယားစစ်ပွဲရပ်ဆိုင်းမှု အနှစ် ၇၀ ပြည့်အခမ်း အနား စစ်ချီတက်ပွဲတွင် ချီတက်အလေးပြုမှုခံနေစဉ်။

၂၉. ၇. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားကာကွယ်ရေးဝန်ကြီး မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခြင်းမှာ ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားထံမှ လက်နက်အထောက်အပံ့များရရှိရန် သွားရောက်ခြင်း ဖြစ်သည်ဟု အမေရိကန်အစိုးရအနေဖြင့် ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ဇူလိုင်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု သတင်းများကဆိုသည်။

မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယန်းသို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုအီဂူ ရောက်ရှိလာပြီး နောက်တွင် ဘလင်ကန်က ရုရှားနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိမဟာမိတ်များထံမှ လက်နက်များဝယ်ယူရန် ကြိုးပမ်းနေကြောင်းလည်း ပြောခဲ့သည်။

ဘလင်ကန် က “ ရုရှားကာကွယ်ရေးဝန်ကြီး ဒီရောက်လာတဲ့အပေါ် ကျွန်တော်အများကြီး သံသယဖြစ်မိတယ်။ ရုရှားဟာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွက် လက်နက်ခဲယမ်းတွေရဖို့ ရှာဖွေနေတယ်။ ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားကလည်း အီရန်လိုပဲ ရုရှားကိုလက်နက်တွေ ပို့ပေးခဲ့တယ် လို့ယူဆတယ်။ မြောက်ကိုရီးယားက ရုရှားကို မောင်းသူမဲ့လေယာဉ်‌တွေပို့ပေးထားပြီး ယူကရိန်းမှာ အခြေခံအဆောက်အအုံတွေဖျက်ဆီးဖို့နဲ့ အရပ်သားတွေကို သ-တ်ဖြတ်ဖို့အသုံးပြုနေတယ်”ဟု ဩစတြေးလျနိုင်ငံတွင် ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံ၏ သမိုင်းဝင်သော မဟာမိတ်နိုင်ငံတစ်ခုလည်း ဖြစ်သလို မြောက်ကိုရီးယားက ချစ်ကြည်ရေးတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေသော လက်တစ်ဆုပ်စာနိုင်ငံများတွင် ရုရှားလည်း ပါဝင်သည်။

ဇူလိုင်လ ၂၈ ရက်တွင် နိုင်ငံအကြီးအကဲ ကင်ဂျုံအန်း၏ တစ်ဖက်တစ်ချက်၌ လာရောက်လည်ပတ်သော ရုရှားနှင့်တရုတ် အစိုးရအရာရှိကြီးများခြံရံလျက် မြောက်ကိုရီးယား၏ မောင်းသူမဲ့လေယာဉ်အသစ်များနှင့် တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံများပါဝင်သော ကိုရီးယားစစ်ပွဲရပ်ဆိုင်းမှု အနှစ် ၇၀ ပြည့်အခမ်းအနား စစ်ချီတက်ပွဲတွင် ကြည့်ရှုနေသည့်ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

Ref – CNA

Leave a Reply

Your email address will not be published. Required fields are marked *