အလုပ်ရှင်က စွန့်ပစ်သည့် မြန်မာလုပ်သားကိုတွေ့ရစဉ်(ဓာတ်ပုံ- နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ))

မလေးရှားရဲက အထောက်အထား မရှိသူများကို ဖမ်းသောကြောင့် ထွက်ပြေးသူ မြန်မာမိန်းကလေးငယ် ပြုတ်ကျသေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့

၂၉. ၇. ၂၀၂၃
Written by Peya

မလေးရှားနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်မိသူ မြန်မာအလုပ်သမားကို သူဌေးဖြစ်သူက လမ်းဘေးတွင် တွေ့၍ ဆေးရုံသို့ ကူညီပို့ဆောင်သည်ဟုဆိုကာ စွန့်ပစ်ထားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည့်အပြင် အထောက်အထား မရှိသူများကို ဖမ်းသောကြောင့် ထွက်ပြေးသူ မြန်မာမိန်းကလေးငယ် ၁ ဦးမှာလည်း ပြုတ်ကျ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) ထံက သိရသည်။

မလေးရှားနိုင်ငံ၊ ကလန်းမြို့နယ်က စက်ရုံလုပ်ငန်းခွင်တစ်ခုတွင် မြန်မာအအလုပ်သမားတစ်ဦးက ပစ္စည်းများကို ကားပေါ်တင်ရာ တင်သည့် ပစ္စည်းများ ပြုတ်ကျသည့်အတွက် ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုသို့ ဖြစ်ပွားရာ မြန်မာအလုပ်သမား၏ အထောက်အထား မရှိခြင်း၊ မလေးရှားစကား မတတ်ခြင်းကို အခွင့်ကောင်းယူကာ သူဌေးက လမ်းဘေး တွေ့သည့်အတွက် ဆေးရုံကို ကူညီပို့ဆောင်သည်ဟုဆိုကာ ဆေးရုံတွင် တင်ထားခဲ့ပြီး အခင်းဖြစ်ပွားရာ စက်ရုံအနီးက မြန်မာများကိုလည်း အဆိုပါ စက်ရုံမှဖြစ်ကြောင်း မပြောရန်နှင့် ပြန်ပြောပါက ပြဿနာရှာမည်ဟု နှုတ်ပိတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားရှိ မြန်မာနိုင်ငံသားများက လူနာမှာ ဆေးရုံတင်ထားကြောင်းသာ သိရပြီး သေသည် ရှင်သည် မသိရသောကြောင့် စုံစမ်းပေးရန် အကူအညီ တောင်းလာသည့်အတွက် ဆေးရုံတွင် သွားရှာရာ လူနာကို တွေ့ခဲ့ရကာ စကားမပြောနိုင်သေးသည့် အနေအထား ဖြစ်ကြောင်းလည်း နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) က အသိပေးထားသည်။

ထို့အတွက် လူနာနှင့် ထပ်မံ တွေ့ဆုံသွားမည် ဖြစ်ပြီး ဆေးကုသစရိတ်အတွက်လည်း မြန်မာမိသားစုများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကာ အလုပ်ရှင်နှင့်လည်း တွေ့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ဆန်းဝေးမြို့တွင် အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့က လာသူ အသက် ၂၂ နှစ်အရွယ် မရွှေစင်ထက်သည် အထောက်အထား မရှိသူများကို စစ်ဆေး ဖမ်းဆီးသည့် အတွက် ထွက်ပြေးတိမ်းရှောင်စဉ် ဆိုင်နောက်ဖေးလှေကားမှဆင်းရာ အမှတ်မထင်ပြုတ်ကျပြီးသေဆုံးသွားခဲ့ပြီး အဆိုပါ အမျိုးသမီးငယ်ကို မလေးရှားနိုင်ငံတွင်ပင် သင်္ဂြိုလ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News