၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် ဆန်၊ စပါးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့မှုကို တွေ့ရစဉ် (Photo- Myanmar Rice)

MT News

Written by Ye Kyaw

အရန်ဆန်များ ဈေးကွက်အတွင်းသို့ အမြန်ဆုံး ထည့်သွင်းရောင်းချပေးမည်ဖြစ်၍ ကောလာဟလ သတင်းအမှားများကို စိုးရိမ်စိတ်ဖြင့် ဆန်များဝယ်ယူစုဆောင်းမှု မပြုလုပ်ရန်နှင့် လိုအပ်မှသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသော အစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များ ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည်ဖြစ်သည်။

ကနဦးအနေဖြင့် ၂၅% အဆင့်(Single Polished & Sorted) ၅၀ ကီလိုအိတ် အိတ်ရေ ၅၀၀၀၀ ကို ဦးစွာ ထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေးစီမံသွားမည်ဖြစ်သည်။

အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက်လည်းကောင်း၊ စားသုံးပြည်သူများအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေရေးအတွက် လိုအပ်သည်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် သိုလှောင်ရုံ မှတ်ပုံတင်မှု၊ သိုလှောင်ရုံစစ်ဆေးမှုများကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျတွက်ချက် တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ လက်တလော ပြည်တွင်းဆန်စပါးဖူလုံမှု၊ လုံလောက်မှု အပြည့်အဝရှိနေခြင်း၊ လျှပ်စစ်ပိုမိုရရှိ၍ ဆန်စက်များလည်ပတ်ချိန် ပိုများလာခြင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊ စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် သတင်းအမှားများ၊ ကောလဟာလများကြောင့် စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန်နှင့် လိုအပ်မှုရှိမှသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မေတ္တာရပ်ခံထားသည်။

ဇူလိုင်လ ၂၃ ရက်တွင် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ကြေညာပြီးနောက်ရက်၌ပင် ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဆန်ကုန်စည်ဒိုင်များ၏ လက်ကားဈေးတွင်ပင် တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကာ လက်လီဈေးကွက်တွင် တစ်ပြည်ကို ကျပ် ၃၀၀ အထိ မြင့်တက်ခဲ့ကြောင်း ဆန်ကုန်စည်ဒိုင်များနှင့် ဆန်အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်း ဆန်အမျိုးအစားလိုက် ရာခိုင်နှုန်း ၈၀ မှ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့်အပြင် ဆက်လက်မြင့်တက်နေသော ပြည်တွင်းဆန်ဈေးနှုန်းသည် ယခု ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့်သတင်းကြောင့်လည်း ထပ်မံမြင့်တက်လာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News