၂၉. ၇. ၂၀၂၃
Written by Nay Moe

NUG က စစ်ဆေးတဲ့ စာမေးပွဲဖြေဆိုနေတဲ့ ဘုတလင်ဗကသရုံးခန်း မနေ့က စီးနင်းခံရပြီး ဗကသ ခေါင်းဆောင်သုံးဦးသေဆုံးတဲ့အပြင် PDF လေးဦးပါ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ရဲ့ ပညာရေးသတင်းတွေ ဖော်ပြပေးနေတဲ့ Education Public News ကလည်း “ဘုတလင်မြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရကျောင်းမှာ ပညာသင်ယူနေကြသော ကျောင်းသား/ သူများ စာမေးပွဲကျင်းပနေစဥ် စီးနင်းခြင်းခံရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းလက်ခံရရှိပြီး ဤစီးနင်းခံရမှုနှင့်ပတ်သက်၍ ပြည်သူ့ဘက်တော်သားများမှ ၇ ဦး ကျဆုံးပြီးဖြစ်ကြောင်းသိရှိရပြီး ဆက်လက်ပြီးမှ ကျဆုံးမှုရှိနိုင်ကြောင်းကိုလည်း သိရှိရနိုင်သည့်အတွက် ဘုတလင်မြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် ပညာသင်ယူနေကြသော ကလေးငယ်များနှင့် ကာကွယ်ပေးကြသော ပြည်သူ့ကာကွယ်ရေးများနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိစီးနင်းခံရတဲ့ ဘုတလင်မြိုနယ် ကျောင်းသားများသမဂ္ဂ(ဗကသ) ရုံးခန်းဟာ PDF စခန်းလည်းဖြစ်တဲ့အပြင် NUG ရဲ့ ပညာရေးကျောင်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ဘုတလင်မြိုနယ် ကျောင်းသားတွေ ဆန္ဒပြချိန်မှာလည်း NUG ဩဇာခံ PDF တွေက လက်နက်ကိုင်ပြီး လုံခြုံရေးလိုက်ယူပေးခဲ့တာကို သူတို့ ထုတ်ပြန်တဲ့ပုံမှာ တွေ့ရပါတယ်။

“NUG ရဲ့ ကျောင်းဆိုတော့ PDF တွေ ပကဖတွေက လက်နက်ကိုင်ပြီး လုံခြုံရေးယူပေးထားတာတော့ ရှိတာပေါ့။ အဲဒီစခန်းကို ဝင်စီးသွားတာပါ”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

NUG ရဲ့ လက်နက်ကိုင်တွေ ကာကွယ်ပေးထားတဲ့ ဒီ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို လခရတွေက ဇူလိုင် ၂၈ ရက် မနက် ၈ နာရီလောက်မှာ စစ်ကြောင်းထိုး စီးနင်းခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ရာမှာတော့ ဒီတိုက်ပွဲအတွင်းမှာ ဗကသရဲဘော်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကို‌ကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နဲ့ သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တယ်လီဂရန် ချန်နယ်တွေမှာတော့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘုတလင်မြို့နယ် စိုင်ပြင်နဲ့ ညောင်ကန်ကျေးရွာများအနီး တိုက်ပွဲမှာ ဘုတလင်မြိုနယ် ကျောင်းသားများသမဂ္ဂ(ဗကသ)က အဖွဲ့ဝင်တွေ PDF တွေအပါအဝင် ငါးလောင်း၊ စနိုက်ပါ သေနတ် ၁ လက်၊ လက်လုပ် သေနတ် ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၃ လက်၊ ပွိုင့်-၃၀၈ ကျည် ၅ တောင့်၊ ၁၂ ဗို့ကျည် ၂၃ တောင့်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၂၈ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ NLD အလံ ၂ ထည်၊ ပြည်သူ့ကာကွယ်ရေးအဖွဲစာတန်းပါ အနက်ရောင် တီရှပ်အင်္ကျီ ၆ ထည်၊ ဆိုင်ကယ် မျိုးစုံ ၄ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားနေတာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စိုင်ပြင်လေး၊ ညောင်ကန်၊ ရွာသာ စတဲ့ ကျေးရွာတွေကို မနေ့က စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက်မှာ ‌သေဆုံးသူဟာ ၇ ဦးအထိရှိလာတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပြီး ဒီအထဲမှာတော့ ဘုတလင်မြိုနယ် ကျောင်းသားများသမဂ္ဂ(ဗကသ)က သုံးဦး၊ PDF လေးဦး သေဆုံးခဲ့တာဖြစ်သလို ထပ်တိုးလာနိုင်သေးတယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News