STA အဖွဲ့ အင်းစိန်ထောင် ဖောက်ခွဲခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်

၂၉. ၁၀. ၂၀၂၂
Written By A Thaung

”အခုရက်ပိုင်း လူတွေပျောက်နေတယ်။ လာစားတဲ့သူက မရှိသလောက်ဘဲ။ အရင်ကဆို တစ်နေ့ကို မုန့်ဆယ်ပိဿာကုန်တယ်။ အခု နှစ်ပိဿာတောင်ကုန်အောင် မနည်းရောင်းနေရတယ်”လို့ အင်းစိန်ပန်းခြံ အနီးမွာ မုန့်ဟင်းခါးရောင်းနေတဲ့ ဒေါ်ပု(အမည်လွှဲ)က အင်းစိန်တံတားဘက်ကို မေးငေါ့ပြရင်း ညည်းညူလာပါတယ်။

လွန်ခဲ့တဲ့ အပတ်ကစပြီး လူစည်ကားနေတတ်တဲ့ အင်းစိန်ပန်းခြံအနီးတဝိုက်မှာ လူသွားလူလာနည်းပါးနေပြီး အရောင်းအဝယ်ပါးတာကြောင့် ဆိုင်တချို့ပိတ်ထားကြတယ်လို့လည်း သူကပြောပါတယ်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အင်းစိန်မြို့နယ်အတွင်း လူသွားလူလာနည်းပါးသွားတာလည်း ဖြစ်ပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ပေါက်ကွဲမှုကြောင့် ထောင်ဝင်စာလာတွေ့တဲ့ ပြည်သူငါးဦး၊ ထောင်ဝန်ထမ်းသုံးဦး သေဆုံးခဲ့ပြီး အခြားပြည်သူနဲ့ထောင်ဝန်ထမ်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ထောင်ဗုံးပေါက်ကတည်းက ဆိုင်မှာလူနည်းသွားတယ်။ အင်းစိန်ဈေးတောင် လူပျောက်သွားတယ်။ အခုထိပဲ” လို့ အင်းစိန်ပန်းခြံအနီး လဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်သာမက ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာလည်း လူအသွားအလာနည်းသွားခဲ့သလို အရောင်းအဝယ်မကောင်းကြဘူးလို့ ဈေးသည်တချို့က ပြောပါတယ်။

ထောင်တွင်းဗုံးပေါက်ကွဲပြီးတဲ့နောက် ထောင်ဝင်စာလာတွေ့ကြတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက မိသားစုဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့သလို နောက်ဆက်တွဲဂယက်အနေနဲ့ ရန်ကုန်တမြို့လုံး တိတ်ဆိတ်သွားတယ်လို့ လှိုင်မြို့နယ်၊ ဗဟိုလမ်းမပေါ်မှာ ကြက်သားသုပ်ရောင်းနေတဲ့ ကိုလှိုင်မိုးက ပြောပါတယ်။ တစ်နေ့ကို ကျပ်သား ၁၅ ပိဿာလောက် ပုံမှန်ရောင်းနေရတဲ့ သူ့အသုပ်ဆိုင်မှာ အောက်တိုဘာ ၂၀ ကစပြီး ၃ ပိဿာလောက်ပဲရောင်းရတော့တယ်လို့ သူကပြောပါတယ်။

“အခုရောင်းနေရတာ အရင်ကဖောက်သည်တွေပဲရှိတော့တယ်။ ဒါတောင် သူတို့က လာမစားကြဘူး။ ဖုန်းဆက်ပြီး ပါဆယ်ဝယ်ကြတော့တာ။ ဆိုင်ထိုင်စားတဲ့သူက မရှိသလောက်ဖြစ်နေပြီ”လို့ သူကပြောပါတယ်။

ပုံမှန်လူစည်ကားလေ့ရှိတဲ့ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဆူးလေမီးပွိုင့်ပတ်ဝန်းကျင်တွေမှာလည်း လူသွားလူလာနည်းပါးသွားတယ်လို့ အဲဒီနေရာအနီးတဝိုက်မှာနေထိုင်တဲ့ ပြည်သူတွေကပြောကြပါတယ်။

”တနင်္ဂနွေလိုနေ့တောင် လူသွားလူလာနည်းနေတယ်။ ကိုယ့်ဆိုင်တစ်ဆိုင်တည်းဖြစ်တာလားဆိုပြီး မြောက်ဒဂုံက အမဆိုင်ကိုမေးကြည့်တော့ သူ့ဆိုင်လည်း အဲဒီလိုပဲဖြစ်နေတယ်လို့ပြောတယ်”လို့ မြေနီကုန်းလမ်းဆုံမှာ မြန်မာအစားအစာတွေရောင်းချနေတဲ့ ဆိုင်ရှင်ကပြောပါတယ်။

အင်းစိန်ထောင်တွင်းဗုံးပေါက်ကွဲပြီး လေးရက်ကြာတဲ့နေ့ဟာ တနင်္ဂနွေနေ့ဖြစ်လို့ အများပြည်သူ အပန်းဖြေလာရောက်ကြတဲ့နေရာတွေမှာ လူစည်ကားရမယ့်အစား အလည်အပတ်နည်းသွားကြတဲ့အတွက် ရန်ကုန်မြို့နေ ပြည်သူတွေဟာ ပေါက်ကွဲမှုတစ်ခုဖြစ်တိုင်း ရက်အတော်ကြာအောင် ကြောက်လန့်နေတတ်ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အငြိမ်းစားရဲအရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

”အန်ကယ်က တနင်္ဂနွေနေ့ဆိုရင် သမီးကို သင်တန်းသွားကြိုရတယ်။ သူတို့သင်တန်းကျောင်းရှိတဲ့ Time City လိုနေရာတောင် ခြောက်ကပ်နေတယ်။ လူတွေက ကြောက်လန့်နေကြတာ။ နောက်မဖြစ်အောင် လုံခြုံရေးကို တော်တော်လုပ်ရမယ့်သဘောရှိတယ်။ အခု အန်ကယ်တွေ့ရတဲ့ပုံစံက လူတွေက အကုန်ကြောက်နေကြတာ။ တော်တော်နဲ့ အကြောက်ပြေမယ့်ပုံမပေါ်ဘူး” လို့ သူကပြောပါတယ်။

အင်းစိန်ထောင်အတွင်းပေါက်ကွဲမှုတွေကို မြန်မာနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြပေမယ့် ပေါက်ကွဲမှုဖြစ်စဉ်အပြီး ယနေ့အထိ ဖောက်ခွဲသူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ အခုဗုံးဖောက်ခွဲမှုကို Special Task Agency of Burma အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ STAB အဖွဲ့ကတော့ ဒီဖောက်ခွဲမှုဟာ အင်းစိန်အကျဉ်းထောင် ထောင်မှူးကိုရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာလို့လည်း ဆိုထားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုဂျိမ်း(ခ)ကိုလင်းထက်နိုင်ရဲ့မိခင် ဒေါ်ကြီးမြင့်၊ Dark Shadow အဖွဲ့ဝင် ကိုဟိန်းမင်းထွန်းရဲ့မိခင် ဒေါ်သန်းကြွယ်အပြင် နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်အများစုထိခိုက်ခဲ့ရတာပါ။ အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထောင်ဝင်စာတွေ့ဖို့ခွင့်ပြုချက်ကို ရက်အကန့်အသတ်မရှိပိတ်ထားလိုက်တာကြောင့်လည်း ထောင်တွင်းအကျဉ်းကျသူတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်မရကြတော့ပါဘူး။

STAB က သူတို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တာကြောင့် ဒီတိုက်ခိုက်မှုကို NUG အပါအဝင်အဖွဲ့အစည်းအများစုက ရှုတ်ချခဲ့ကြသလို အရေးယူမယ်လို့ပါ ကြေညာခဲ့ကြပါတယ်။ အနည်းစုကတော့ ထုံးစံအတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်ညှိုးထိုးခဲ့ပေမဲ့ တာဝန်ရှိသူတွေကတော့ STAB ရဲ့ ဖောက်ခွဲမှုကြောင့် ဗုံးဆံထိ ဆုံးပါးခဲ့တဲ့အလောင်းရှစ်ခုကို ပြန်ထုတ်ပေးခဲ့ပြီး ကြွင်းရစ်တဲ့ရုပ်အလောင်းတွေမှာ ကျည်ဆံထိမှန်ရာမတွေ့ရဘူးလို့လည်း သွားရောက်ပို့ဆောင်သူတွေဆီက စုံစမ်းသိရပါတယ်။

“အမေကြည် (ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းမိခင်) မှာ နားထင်ထိမှန်ဒဏ်ရာပြန်ချုပ်ထားတာ တွေ့ပါတယ်။ ကျည်ထိရာတော့မတွေ့ပါဘူး” လို့ နာရေးကိုသွားရောက်ပို့ဆောင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

လုံခြုံရေးထူထူထပ်ထပ်ထားတဲ့နေရာတောင် လက်လုပ်ဗုံးပေါက်ကွဲပြီး လူတွေသေကြရတယ်ဆိုတော့ လုံခြုံရေးမရှိတဲ့နေရာတွေဆို မတွေးရဲစရာပဲ။ ရန်ကုန်မှာ အချိန်မရွေး အန္တရာယ်ရှိနေတယ်။ ဒါကို လုံခြုံရေးတာဝန်ယူထားတဲ့သူတွေအနေနဲ့ စဉ်းစားသင့်ပြီ လို့ အငြိမ်းစားရဲအရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး အချိန်နှစ်နှစ်တာကာလအတွင်း ရန်ကုန်မှာ အများပြည်သူဆိုင်ရာနေရာတွေ လက်လုပ်ဗုံးပေါက်ကွဲမှု အကြိမ်ရေနှစ်ရာကျော်ရှိပြီး ပြည်သူ ဆယ်ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သူက သုံးသပ်ပါတယ်။

ရန်ကုန်မြို့ပေါ်က လူစည်ကားတဲ့လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ Shopping center တွေမှာ လူသွားလူလာနည်းပါးခဲ့သလို ဘုရားစေတီတွေမှာလည်း ဖူးမြော်သူနည်းပါးနေတယ်လို့ သိရပါတယ်။

ညစဉ်ဆိုင်ပြည့်တဲ့အထိ ရောင်းကောင်းတဲ့ အင်းစိန်လမ်းမပေါ်က စားသောက်ဆိုင်မှာလည်း ခုရက်ပိုင်းအတွင်း ဆိုင်ထိုင်သူနည်းပါးသွားပြီး ရောင်းအားထက်ဝက်ကျဆင်းနေတယ်လို့ အဲဒီဆိုင်မန်နေဂျာကပြောပါတယ်။

”ဆယ်ရက်လောက်ရှိပြီ။ အရင်ကဆိုဆိုင်ပြည့်နေတာ၊ အခုက အပြင်ဝိုင်းတွေလောက်ပဲ လူရှိတော့တယ်” လို့ သူကပြောပါတယ်။

ရန်ကုန်မြို့ရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားယာဉ်လိုင်းတွေမှာလည်း ခရီးသွားတွေနည်းပါးသွားပြီး နေ့စဉ်အလိုက်ဝင်ငွေ ၂၀ ရာခိုင်နှုန်းလောက်ကျဆင်းနေတယ်လို့ YBS 21 ယာဉ်လိုင်း မန်နေဂျင်းဒါရိုက်တာ ကိုဖြိုးဟေမာန်က ပြောပါတယ်။ ”အခုရက်ပိုင်းတော့ လူနည်းတယ်ပေါ့။ ဝင်ငွေလည်းလျော့သွားတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့ကလည်း အများပြည်သူ အသွားအလာစည်ကားတဲ့ မြေနီကုန်းလမ်းဆုံအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် အများပြည်သူက ကန့်ကွက်ရှုံ့ချခဲ့ကြသလို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေမှာ ဖောက်ခွဲအကြမ်းဖက်တာတွေ မလုပ်သင့်ဘူးလို့လည်း ဝေဖန်ကန့်ကွက်ကြပါတယ်။

ရန်ကုန်တိုင်းအတွင်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံ၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ ကျောက်တံတား၊ လှိုင်သာယာ မြို့နယ်တွေမှာ လက်လုပ်ဗုံးပေါက်ကွဲမှု အများဆုံးဖြစ်ပေါ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လုံခြုံရေးတာဝန်ယူထားသူတွေက ဖောက်ခွဲမှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်မှုအားနည်းနေတာကြောင့် ပေါက်ကွဲမှုဖြစ်စဉ်တွေ ဆက်ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဖောက်တဲ့သူကလည်း ရပ်မှ၊ ဖမ်းတဲ့သူကလည်း ထိထိရောက်ရောက်ကိုင်တွယ်နိုင်မှဖြစ်မှာပါလို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက သုံးသပ်ပါတယ်။

ရန်ကုန်မြို့ပေါ် နေရာအချို့ကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ပြီးတိုင်း အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာတွေ ရှိနေပြန်ပါတယ်။ ဒီလိုပေါက်ကွဲမှုဖြစ်တိုင်း ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ပြည်သူတွေဟာ ကျီးလန့်စာစားသလို ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်၊ စီးပွားရေးကြပ်တည်းတဲ့ဒဏ်အပြင် မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် လက်လုပ်လက်စားတွေ ခက်ခဲကြပ်တည်းနေတဲ့ကာလပဲဖြစ်ပါတယ်။ ကြပ်တည်းမှုကိုဖြေရှင်းနိုင်ဖို့အတွက် ငွေကြေးအရင်းအနှီးနည်းတဲ့ လမ်းဘေးခေါင်းရွက်ဗျက်ထိုးဈေးရောင်းနေရပေမယ့် ကျီးလန့်စာစားသလိုဖြစ်နေရတယ်လို့ လှည်းတန်းလမ်းဆုံမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။

အင်းစိန်ထောင်ပေါက်ကွဲမှုဂယက်က ဈေးသည်တွေအပြင် မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းရှာဖွေနေရတဲ့ ဆိုက္ကားသမားတွေပါ လှိုင်းထန်ခဲ့ပါတယ်။ သူတို့ဟာ မြန်မာ့ရွေးကောက်ပွဲကာလတွေမှာ မင်းသားတွေအဖြစ် ဝင်ရောက်သရုပ်ဆောင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ နင်းပြားဖြစ်နေကြတယ်လို့ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက် ဗဟိုလမ်းဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

“အခုရက်ပိုင်း ဆိုက္ကားကနင်းမကောင်းတော့ ဒီအရေးတော်ပုံ မြန်မြန်ပြီးပါတော့လို့ပဲ ဆုတောင်းနေရတယ်” လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *