April 28, 2024
YBS ၄၂ ပေါ် ရိုက်နှက်လုယက်ခံရသော လူငယ်နှင့် ခါးပိုက်နှိုက်ခွဲခံရသော အိတ်အား တွေ့ရစဥ်

၃၀. ၁၀. ၂၀၂၂
Written by Nay Moe

နွေဦးတော်လှန်ရေးကြောင့် အသတ်အခံရဆုံးဟာ သေနတ်ကိုင်ထားပေမဲ့ ကိုင်တွယ်ပစ်ခတ်ရမှု နည်းပါးတဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့ဝင်တွေက လခရယာဥ်တန်းနဲ့ လှည့်တဲ့တစ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ အရင်ကလို တစ်ဦးချင်းတစ်ယောက်ချင်း အမှုလိုက်တာ အသွင်ယူတာ အပြင်ထွက်တာ မရှိသလောက်ဖြစ်လာပါတယ်။ တရားဥပဒေစိုးမိုးရေး အဓိကလုပ်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရဲအလုပ်ကို မလုပ်နိုင်တော့ချိန်မှာ ထကြွလာတာက ခိုးဆိုးလုနှိုက် သတ်ဖြတ်မုဒိမ်းကျင့်ဆိုတဲ့ လူမိုက်တွေ ဇောင်းကြွလာနေတယ်ဆိုတာက ဗေဒင်မေးစရာတောင် လိုမယ်မထင်ပါဘူး။

တကယ့်လက်တွေ့မှာလည်း မြန်မာပြည်သူတွေရဲ့ ဘဝက လူတစ်ယောက်လောက် မုဒိမ်းကျင့် လုယက်သတ်ဖြတ်ခံရရင်ကို မဆန်းတော့သလို ထုံသွားတဲ့ အခြေအနေဖြစ်နေပြီး မိသားစုလိုက်အသတ်ခံရတော့မှ၊ နှစ်ဖက်တိုက်ပွဲကြား တစ်ရွာလုံးပြာကျတော့မှ လူအစုလိုက်အပြုံလိုက်သေတော့မှ အရေးတယူလုပ်ခံရတဲ့အထိ လူမှုပတ်ဝန်းကျင်လုံခြုံမှုက အဆိုးဆုံး အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းလာနေတာ တွေ့နေရပါတယ်။

ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေကလည်း နေရာအနှံ့မှာ ​ကြုံနေရတဲ့အခြေအနေဖြစ်လာတဲ့အထိ တရားဥပဒေစိုးမိုးမှု ကျဆင်းလာပါတယ်။ ဒီအထဲမှာ အဆိုးဆုံးတစ်ခုကတော့ နေ့စဥ်ဘတ်စ်ကားစီးနေရတဲ့ ရန်ကုန်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ခါးပိုက်နှိုက်ရန်စွယ်လည်း တစ်ခုအပါအဝင်ပါ။

ပြီးခဲ့တဲ့ မေ ၄ ရက်တုန်းက ကမာရွတ်မြို့နယ် ဇေယျာသီရိလမ်း လှည်းတန်းနားမှာ ဖုန်းလုတဲ့သူကို ဝိုင်းဖမ်းပေးတဲ့ ဆိုက္ကားဆရာကိုကတုံး(မိတ်ဆွေများအခေါ်)ဟာ နောက်ရက်မှာ လူခုနစ်ယောက်ခန့်က အုပ်စုဖွဲ့လာရောက်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဥ်အပြီးမှာ ရန်ကုန်ဘတ်စ်ကားပေါ်က နေ့စဥ်ခရီးသွား ၁ ဒသမ ၃ သန်းလောက်ဟာ အုပ်စုဖွဲ့ရိုက်နှက်လုယက်တဲ့ ခါးပိုက်နှိုက်တွေရဲ့ ရန်စွယ်ကို ပိုမိုရင်ဆိုင်လာရပါတယ်။

YBS တွေပေါ်က ခါးပိုက်နှိုက်တွေဟာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လေးငါးယောက်အုပ်စုဖွဲ့ နှိုက်ကြပါတယ်။ သိသွားသူ မြင်သွားသူတွေကို ပေါ်တင်လုယက်တာ၊ ဓားထုတ်ပြ ခြိမ်းခြောက်တာ၊ အုပ်စုဖွဲ့ရိုက်နှက်တာတွေကို အလွယ်တကူကျုးလွန်နေချိန်မှာ လူအများစုဖြစ်ပေမဲ့ ခါးပိုက်နှိုက်လူတစ်စုနဲ့ ယှဥ်မသတ်ဖြတ်ရဲတဲ့ YBS စီး ပြည်သူတွေဟာ ခါးပိုက်နှိုက်တွေ အလွန်အကျုးသောင်းကျန်းတာကို ရင်စည်းခံရပါတော့တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာလည်း YBS ၄၂ ပေါ် နံနက် ၇ နာရီခန့်မှာ သံသုမာလမ်းပေါ်က ဝေပုလ္လနဲ့ ချမ်းအေးမှတ်တိုင်ကြားရောက်တဲ့အချိန် လူငယ်တစ်ယောက်ကို ခါးပိုက်နှိုက်အုပ်စုက သံတုတ်နဲ့ရိုက်ပြီး လုယက်ရာကနေ “ရဲစခန်းကိုမောင်း”လို့ ဝင်ပြောတဲ့ ခရီးသည်ကိုပါ ထပ်မံရိုက်လို့ နှစ်ယောက်ခေါင်းကွဲခဲ့သလို အခြားခရီးသည်တစ်ဦး စုစုပေါင်း ၃ ဦး ရိုက်နှက်လုယက်ခံခဲ့ရပါတယ်။ YBS ၄၂ ပေါ်မှာ ဒီခါးပိုက်နှိုက်အုပ်စုသောင်းကျန်းနေပြီး ဓားပြတိုက်တဲ့အဆင့်အထိလုပ်ဆောင်နေတာ ဒါနဲ့ပါဆို နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်တုန်းကလည်း YBS ၄၂ ပေါ်မှာပဲ အိ​န္ဒြာမှတ်တိုင်အနီးမှာ ဓားထောက်လုယက်မှုပြုလို့ ယာဥ်မောင်းနဲ့ ခရီးသည်တွေ လုယက်ခံလိုက်ရပါသေးတယ်။

“YBS ၄၂ ပေါ်မှာ သံတုတ်နဲ့အရိုက်ခံရတာ ကျွန်တော်နဲ့ သင်တန်းအတူတက်တဲ့အကိုပါ။ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ ဖုန်းနဲ့ ပိုက်ဆံတစ်သိန်းအလုယက်ခံလိုက်ရပါတယ်။ သူက လိုင်စင်အနီဖြေမဲ့အချိန်မှာ အလုယက်ခံလိုက်ရလို့ တော်တော်ဒုက္ခရောက်သွားတယ်”လို့ YBS ၄၂ ပေါ်မှာ ရိုက်နှက်လုယက်ခံရသူရဲ့ မိတ်ဆွေ ကိုတူးက MT News သတင်းဌာနကို ပြောပါတယ်။

SAC လက်ထက် လက်ရှိ YRTC ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှာတော့ ဗိုလ်မှူးကြီးဝင်းတင့်က ၂၀၂၁ မေလကစ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်။ ဒါပေမဲ့လည်း ရဲတပ်ဖွဲ့ဝင်တွေ အပြင်ထွက်ပြီး လုံခြုံရေးတာဝန်မလုပ်နိုင်တဲ့ကာလမှာ ခါးပိုက်နှိုက်တွေအတွက်တော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်နိုင်ဆဲပါ။ ဒီလိုမျိုး YBS ခရီးသွားပြည်သူတွေ ရင်ဆိုင်နေရတဲ့ ခါးပိုက်နှိုက်ဘေးဒုက္ခက လွတ်ဖို့အတွက်တော့ SOS System အပိုင်းအလိုက်လုံခြုံရေးယူဖို့စီစဥ်နေတယ်လို့ YBS ၂၁ ရဲ့ MD ကိုဖြိုးဟေမာန်က ပြောပါတယ်။

“SOS Signal System နဲ့ ခရိုင်/အပိုင်းအလိုက် လုံခြုံရေးယူဖို့စီစဥ်နေပါတယ်။ CCTV ပြောနေပေမယ့် ဒီကာလမှာ အဆင်မပြေနိုင်ပါဘူး။ ဘဏ်တွေကနေ လုံခြုံရေးကိုသတင်းပို့တဲ့ပုံစံပါ” လို့ ကိုဖြိုးဟေမာန်က ပြောပါတယ်။

YBS လို့မပြောင်းခင် မထသ အဖြစ်ပြေးဆွဲချိန် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ စပါယ်ယာနဲ့ ဒရိုင်ဘာတချို့ရဲ့  ရိုင်းစိုင်းအောက်တန်းကျမှုကို မခံနိုင်ကြတဲ့ ဘတ်စ်ကားစီးလူငယ်တချို့ဟာ မိုက်ရိုင်းဘတ်စ်ကားများ ထုထောင်းရိုက်နှက်ရေးအဖွဲ့ (မထန) လို့ အမည်ပေးပြီး ရိုင်းစိုင်းအောက်တန်းကျတဲ့ ဘတ်စ်ကားယာဥ်မောင်း၊ စပယ်ယာကို ဆုံးမတဲ့ ဖြစ်စဥ်ပေါ်ပေါက်ခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း ဒီလိုမျိုး လူစုဖွဲ့ အနိုင်ကျင့်တဲ့ ခါးပိုက်နှိုက်တွေကို လူငယ်တွေက ကာကွယ်ဖို့ အဖွဲ့ဖွဲ့ဖို့တွေ လုပ်​ဆောင်နေကြပေမဲ့ လက်တွေ့မှာတော့ အကောင်အထည်ပေါ်လာတာတော့ မတွေ့ရသေးပါဘူး။

“မထန တုန်းကတော့ လူငယ်တွေက တကယ်တုံ့ပြန်ခဲ့ကြတာ။ မိုက်ရိုင်းစော်ကားတဲ့ စပယ်ယာနဲ့ ဒရိုင်ဘာတွေမောင်းတဲ့ ယာဥ်ကို မှတ်ထားပြီး ဆုံးမတာမျိုးပေါ့။ အဲဒီတုန်းကတော့ မထန အောင်မြင်လို့ YBS ဆိုပြီး အလောသုံးဆယ် ထ ပြောင်းတာမျိုး လုပ်ကြတယ်။ အခုကတော့ လူကြားထဲက ခါးပိုက်နှိုက်ကို တုံ့ပြန်ဖို့ကြတော့ မိုက်ရိုင်းတဲ့ ယာဥ်မောင်းနဲ့ စပယ်ယာကို ပြန်တုံ့ပြန်သလောက်လွယ်မှာမဟုတ်ဘူး။ အဓိက ကတော့ ပြည်သူတွေက ဘတ်စ်ကားပေါ် ခါးပိုက်နှိုက်ပါလာရင် တက်ညီလက်ညီခုံခံကာကွယ်ဖို့ပါပဲ။ ရဲတွေ မလုပ်နိုင်တဲ့ကာလမှာ ပြည်သူညီမှပဲ လက်ရဲဇက်ရဲဖြစ်လာတဲ့ ခါးပိုက်နှိုက်ရန်ကို ကာကွယ်နိုင်မှာပါ” လို့ အရင်တုန်းက မထန အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

YBS တွေပေါ်မှာ ခါးပိုက်နှိုက်တွေက အိတ်ခွဲတာ ခါးပိုက်နှိုက်တာထက်ပိုပြီး ဓားထောက် လုယက်လာမှုဖြစ်စဥ်တွေ ပိုမိုများပြားလာတာကို တာဝန်ရှိသူတွေက သိတဲ့ပုံစံတောင် မမြင်ရလို့ ကိုယ့်ဘာသာကာကွယ်ရမဲ့အခြေအနေပါလို့ YBS ခရီးသွားလမ်းညွှန် Group က မမေဖြိုးရှင်းက သူ့ကိုယ်ပိုင်အမြင်ကို ပြောပါတယ်။

“တာ၀န်ရှိတဲ့သူတွေက ဘာမှလုပ်ပေးဖို့တောင် သိမှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပစ္စည်း၊ ဖုန်း၊ ငွေကို ကာကွယ်ရမှာပေါ့။ အပြင်သွားရင် ရွှေငွေ တန်ဖိုးကြီးတာတွေ ယူသွားပြီး လက်လွယ်စပယ်တော့မနေသင့်ဘူးပေါ့။ ကားနေ့တိုင်းစီးရတော့ တွေ့ရတယ်။ လူတချို့က အိတ်လွယ်ရင်လည်း ပစ္စလက္ခတ် အနောက်ထားလွယ်ကြတယ်။ ဖုန်းဆိုလည်း ဘောင်းဘီအိတ်ထဲ ထည့်ကြတာပေါ့။ ကိုယ့်ဘက်က လွယ်တော့ ခါးတွေကို လမ်းကြောင်းပေးသလိုဖြစ်နေတယ်” လို့ မှတ်ချက်ပြုပါတယ်။

သေချာတာကတော့ YBS ပေါ်မှာ ပိုသောင်းကျန်းလာတဲ့ ခါးပိုက်နှိုက်အန္တရာယ်ဟာ တာဝန်ရှိသူတွေ ကိုင်တွယ်ဖြေရှင်းပေးနိုင်မှုမရှိရင် ပြည်သူကပဲ ပြည်သူကို ကာကွယ်ရတော့မှာပါ။ ပြည်သူကို ပြည်သူက မကာကွယ်ရင် ဘယ်သူကမှ ကာကွယ်ပေးနိုင်တာမရှိဘဲ ဒုက္ခပဲပေးနေကြတဲ့ ဒီလို အ ကာလမျိုးမှာ သတိရှိရှိနဲ့ပဲ ဘတ်စ်ကားစီးနင်းကြပါလို့ပဲ………။

Leave a Reply

Your email address will not be published. Required fields are marked *