April 26, 2024

PDF များ ဖမ်းဆီးထားမှုမှ ပြန်လည်ကယ်တင်ခဲ့သည့် ပြည်သူအချို့ကို တွေ့ရစဥ်

၂၈.၁၀. ၂၀၂၂

Written by Nay Moe

PDF များ ၁၄ ရက်ကြာဖမ်းဆီးသွား၍ ကွန်မန်ဒိုများဖြင့် လိုက်လံကယ်တင်စဉ် ပြည်သူ ၂၆ ဦးနှင့်အတူ အောက်တိုဘာ ၂၅ ရက်က ပြန်လည်ကယ်တင်နိုင်ခဲ့သည့် တပ်မတော်အရာရှိ၏ဇနီးမှာ ဆေးရုံတွင် လေးရက်ကြာကုသမှုခံယူနေချိန် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

PDF များက အဆိုပါအရာရှိ၏ ဇနီးကို အောက်တိုဘာ ၁၂ ရက်နံနက်တွင် မုံရွာမှ ကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့်ကျေးရွာအနီးတွင် PDF အဖွဲ့များက ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသဖြင့် ခင်ပွန်း၊ မိဘများနှင့် အဆက်သွယ်ပြတ်တောက်ခဲ့သည်။ ထို့အတွက် တပ်မတော်မှ ပြန်လည်ကယ်တင်နိုင်ရေး နှစ်ပတ်ကြာကြိုးစားခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်နံနက်တွင် PDF များ ဖမ်းဆီးခံထားရသူ ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၆ ဦးနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် PDF များဖမ်းဆီးချုပ်နှောင်ထားသူ ပြည်သူများအား မုံရွာစစ်ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့သည်။ ထိုသို့ဆေးကုသမှုခံယူနေစဥ် တပ်မတော်အရာရှိ၏ ဇနီးမှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် နှလုံးဖောက်ပြီး ဆေးရုံမှာဆုံးသွားတာပါ။ နှစ်ပတ်လောက် ဘယ်လိုများ နှိပ်စက်ခံခဲ့ရလဲမှ မသိတာ” ဟု ကွယ်လွန်သွားရှာသည့် တပ်မတော်အရာရှိဇနီး၏ မိတ်ဆွေတစ်ဦးကပြောသည်။

တပ်မတော်အရာရှိတစ်ဦးဇနီးကို PDF များဖမ်းဆီး၍ လိုက်လံကယ်တင်ရာမှ ကလေးငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံ့ဝန်ထမ်းအပါအဝင် ၂၆ ဦးကို ယနေ့နံနက်က ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း SAC က အောက်တိုဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ်အနီး နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးဇနီးသည် အောက်တိုဘာ ၁၂ ရက်တွင် မုံရွာမှ ကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့်ကျေးရွာအနီးတွင် PDF အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသဖြင့် ခင်ပွန်း၊ မိဘများနှင့် အဆက်သွယ်ပြတ်တောက်ခဲ့သည်။ ထိုသို့အဆက်သွယ် ပြတ်တောက်မှုကြောင့် အရာရှိဖြစ်သူအနေဖြင့် သက်ဆိုင်ရာ အထက်ဌာနသို့ တင်ပြခဲ့ရာ နယ်မြေအတွင်း အမာခံသတင်းပေးများဖြင့် နယ်မြေသတင်းများကို စနစ်တကျ စုဆောင်းဖော်ထုတ်ခဲ့စဉ် နောက်ဆုံးဆက်သွယ်မှုရရှိသည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ်ဝိုက်တွင် ဖမ်းဆီးချုပ်နှောင်ထားနိုင်ကြောင်းသုံးသပ်ပြီး အောက်တိုဘာလ ၁၉ ရက်နှင့်၂၀ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ဖြင့် ရင်ပေါင်တိုင်နှင့် ရွှေလှန် ကျေးရွာတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုစခန်း အပါအဝင် အလောင်းနှင့် လက်နက်ခဲယမ်းအချို့သာ သိမ်းဆည်းရမိခဲ့ကာ ဖမ်းဆီးခံထားရသူများ၏ သဲလွန်စများရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထားသည့် အကြမ်းဖက်စခန်း၏ တည်နေရာ ထပ်မံ ဖော်ထုတ်ရရှိသဖြင့် ကွန်မန်ဒို အဖွဲ့ဖြင့်ထပ်မံ စီးနင်းခဲ့ရာ အောက်တို ဘာ ၁၂ ရက်က ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ ဖမ်းဆီးချုပ်နှောင်ထားသည့်အပြစ်မဲ့ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၅ ဦး အား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။

ပြန်လည်ကယ်တင်နိုင်ခဲ့သူများတွင် ခရီးသွားစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၂၂ ရက်တို့ တွင် ဇီးဖြူကုန်းကျေးရွာ အိမ်ခြေတစ်ရာကျော်အား အကြမ်းဖက်အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ်ဖမ်းဆီးခံရသူများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့၊ အသက်၂ နှစ်အရွယ်နှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ပါဝင်ပြီး အချို့သည် ၇ လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ဖြစ်ကြောင်းသိရသည်။

ထိုသို့ကယ်ထုတ်ရာတွင် ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA နှင့် PDF များဖြင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ အကြမ်းဖက်သမားအလောင်းအချို့နှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၎င်းတို့ဆုတ်ခွာ ထွက်ပြေးစဉ် ဖမ်းဆီးထားသူများထားရှိရာ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်မတော်အရာရှိ၏ ဇနီးအပါအဝင် ပြည်သူ ၂၆ ဦးကို လပေါင်းများစွာ ဖမ်းဆီးခဲ့သည့် PDF အဖွဲ့မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *