MT News

Written by Nay Moe

KIO တပ်မဟာ (၉) အနန်းပါစခန်းအား SAC က လေကြောင်းတိုက်ခိုက်သဖြင့် လူများသေဆုံးရသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က လက်နက်ကိုင်တိုက်သည်ထက် ငြိမ်းချမ်းရေးနည်းဖြင့်သာ ဖြေရှင်းရန်တောင်းဆိုချက်အား အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ၂၃ ရက် ညပိုင်းအချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ၆၂ နှစ်မြောက် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအခမ်းအနား၌ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကိုခံခဲ့ရပြီး အခမ်းအနားတွင် လူပေါင်းများစွာ သေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ်အပေါ် “ဝ” အနေဖြင့် များစွာအံ့ဩတုန်လှုပ်ခဲ့ရပြီး ဤဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများအပေါ် နှမြောတမ်းတမှုနှင့်အတူ ကျန်ရစ်သူမိသားစုများ၊ KIO နှင့်ထပ်တူဝမ်းနည်းကြေကွဲရကြောင်း နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကို အထူးဂရုပြုစောင့်ကြည့်နေကြောင်း “ဝ” ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် KIO အပါအဝင် သက်ဆိုင်သူများအပေါ် (၁) အသက်ပေါင်းများစွာသေကျေပျက်စီးစေသည့် လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေး၊ လူ့အဖွဲ့အစည်းနှင့် လူမျိုးစုအကြား ချစ်ကြည်ရေးအတွက် အတူလက်တွဲမှု‌ကောင်းစွာဖြစ်ထွန်းပြီး မျိုးရိုးစဉ်ဆက် ရန်ငြိုးထားရှိမှုစသည့် ပဋိပက္ခများကိုငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေး။ (၂) လူ့အခြေခံအခွင့်အရေး ပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား ပဋိပက္ခဖြစ်စဉ် တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေး စသည့်သဘောထားခံယူချက်များကို ထုတ်ပြန်ကြေညာကြောင်း “ဝ” က တောင်းဆိုတိုက်တွန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *