၂၂. ၇. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းစက်သုံးဈေးနှုန်း ကျပ် ၂,၃၀၀ နီးပါးအထိ မြင့်တက်နေခြင်းအပေါ် အချို့သော ဝိသမလောဘသား စီးပွားရေးသမားများက သတင်းအမှားများဖြင့် လုပ်ကြံဖန်တီးနေခြင်းဖြစ်ပြီး ပြည်တွင်း၌ အရန်ဆီများ ဖူလုံစွာသိုလှောင်ထားရှိပြီး ထပ်မံရောက်ရှိသော ဆီသင်္ဘောများလည်း ဆိပ်ကမ်းတွင် ဆီချနိုင်ရေး အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ရေးကော်မတီမှ ဇူလိုင်လ ၂၂ ရက်တွင် အသိပေးကြေညာထားသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ရေးကော်မတီသည် လစဥ်ပြည်တွင်းသုံးလိုအပ်ချက်နှင့်အညီ ပြည်ပ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှ စက်သုံးဆီများကို တင်သွင်းနိုင်ရေးအတွက် ကော်မတီနှင့် ဆက်စပ်လုပ်ငန်းရှင်များတို့သည် လစဥ်တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ တင်သွင်းလျက်ရှိသည့်အပြင် အရန်ဆီများကိုလည်း အရေပေါ်အခြေအနေတွင် ကာလတစ်ခုအထိ သုံးစွဲနိုင်ရေး အလုံအလောက် တင်သွင်းသိုလှောင်ထားရှိပြီးဖြစ်သည်။

နှစ်အလိုက်မှတ်တမ်းများအရ မိုးရာသီအစ ဝါအဝင်ကာလတွင် စက်သုံးဆီသုံးစွဲမှုနှုန်းမှု လျော့ကျလေ့ရှိသော်လည်း ကော်မတီအနေဖြင့် ယခင်နှစ်ကာလတူ (၂၀၂၂ ခုနှစ်၊ ဇူလိုင်လ) တွင် တင်သွင်းခဲ့သည့် စက်သုံးဆီအမယ်လိုက် တန်ချိန်အတိုင်း ယခုကာလတွင်လည်း တင်သွင်းဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းစက်သုံးဆီလိုအပ်ချက် (Demand) နှင့် တင်သွင်းမှု (Supply) အချိုးမျှတမှုရှိနေသည့်အတွက် စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး သုံးစွဲသူမိဘပြည်သူများအနေဖြင့် လွတ်လပ်စွာဝယ်ယူသုံးစွဲနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အချို့သောဝိသမလောဘသား စီးပွားရေးသမားများသည် ရည်ရွယ်ချက်ရှိရှိဖြင့် စက်သုံးဆီများကို ဈေးနှုန်းတင်ရောင်းချနိုင်ရန်အတွက် မဟုတ်မမှန်ကောလဟလသတင်းအမှားများအား လုပ်ကြံဖန်တီးနေသည်ကို တွေ့ရှိကြောင်း၊ လက်ရှိအနေအထားအရ နိုင်ငံအတွင်း စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ကြေညာထားသည်။

အရန်ဆီများကိုလည်း ဖူလုံစွာသိုလှောင်ထားရှိပြီးဖြစ်သကဲ့သို့ ထပ်မံဝင်ရောက်လျက်ရှိသော ဆီသင်္ဘောများသည်လည်း ဆိပ်ကမ်းအားသည်နှင့် ဆီချနိုင်ရေး အသင့်စောင့်ဆိုင်းလျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဖူလုံမှုရှိစေရေးအပေါ် စိုးရိမ်ပူပန်ရန်မလိုအပ်ကောင်း အသိပေးထုတ်ပြန်ထားသည်။

သို့သော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁,၉၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၀၃၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၁,၈၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁,၉၂၀ ကျပ်သာရှိခဲ့သော်လည်း ဇူလိုင်လဆန်းတွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁,၉၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၁၀၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၀၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၀၉၀ ကျပ်အထိ မြင့်တက်ခဲ့သည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဇူလိုင်လအတွင်း ဆက်လက်မြင့်တက်မှုကြောင့် ဇူလိုင်လ ၂၂ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၁၇၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၂၉၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၂၃၅ ကျပ်အထိ မြင့်တက်ခဲ့သဖြင့် ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၃၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး နှစ်လအတွင်း ကျပ် ၂၅၀ ကျော် မြင့်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News