၂၃. ၇. ၂၀၂၃
Translated by Tha Doe

မြန်မာသင်္ဘောသား ၄ ဦးပါဝင်တဲ့ MV Tung Sung သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးအလောင်း လေးလောင်း ရှာဖွေတွေ့ရှိထားပြီး ဆက်လက်ရှာဖွေမယ်လို့ Malaysia Maritime Enforcement Agency (MMEA) Sarawak က ညွှန်ကြားရေးမှူး First Admiral Zin Azman Md Yunus က​ ပြောပါတယ်။

Zin Azman ပြောကြားချက်အရ သင်္ဘောတိမ်းမှောက်မှုဟာ ဇူလိုင် ၁၉ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၁ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး နောက်နေ့ ဇူလိုင် ၂၀ မနက် ၉ နာရီ ၄၀ မှ ရေကြောင်းအာဏာပိုင်တွေက သင်္ဘောနစ်မြုပ်မှု သတင်းကို ရရှိခဲ့သလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို မွန်းလွဲ ၁ နာရီ ၂၀ မှာ စတင်ခဲ့တာပါ။ MV Tung Sung ဟာ ညဘက် ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးနေချိန်မှာ သင်္ဘောဟာတိမ်းမှောက်ခဲ့လို့ သင်္ဘောသားတွေဟာ အကူအညီရှာဖွေဖို့ အချိန်မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကနဦးသတင်းတွေမှာ သင်္ဘောပေါ် မလေးရှား နိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး စုစုပေါင်း ၉ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ နောက်ဆုံးအတည်ပြုမှုမှာတော့ မလေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ Maxwell Billy Stimba ဟာ သင်္ဘောပေါ်ကိုလိုက်ပါသွားခြင်းမရှိခဲ့ဘူးလို့ ကုမ္ပဏီဘက်က အတည်ပြုမှုအရ သိရတာကြောင့် ပျောက်ဆုံး သင်္ဘောသား ၈ ဦးဖြစ်သွားခဲ့တာပါ။

ကျောက်စရစ်တွေ တင်ဆောင်လာတဲ့ MV Tung Sung ကုန်တင်သင်္ဘောဟာ မလေးရှားနိုင်ငံ Kuching မြို့နဲ့ Sebuyau မြို့အကြား Pulau Burung ရေပြင်အနီး အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်လောက်မှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပြီး ပြန်လည်တွေ့ရှိခဲ့တဲ့ရုပ်အလောင်းတွေကတော့ Palau Burung နဲ့ ရေမိုင် ၁၅ မိုင်အကွာမှာ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁နာရီ ၁၅ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀၊ မွန်းလွဲ ၂ နာရီခွဲနဲ့ ညနေ ၅ နာရီ ၂၀ မှာ အသီးသီးတွေ့ခဲ့တာပါ။

လက်ရှိမှာတော့ ရှာဖွေမှု ၃ ရက်မြောက်မှာ ပြန်တွေ့ရတဲ့ ဒီရုပ်အလောင်းတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိနိုင်သေးဘဲ ဒီရုပ်အလောင်းတွေကို ဆာရာဝက်ဆေးရုံကြီးဆီ ပို့ပေးပြီး ဒီနေ့ ဇူလိုင် ၂၃ ရက်ကျမှ ကျန်တဲ့ပျောက်ဆုံးသူလေးဦးကို ဆက်လက်ရှာဖွေမှာပါလို့ ရေတပ်ဗိုလ်မှူးချုပ်လည်းဖြစ်တဲ့ Zin Azman က ပြောပါတယ်။

MV Tung Sung နစ်မြုပ်မှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၄ ဦးဟာ အသက် ၂၀ နဲ့ ၂၄ နှစ်ကြား လူငယ်တွေဖြစ်ပြီး သူတို့ကတော့ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်း၊ ကိုထွန်းလင်းဦးတို့ဖြစ်ပါတယ်။ MV Tung Sung မှာပါသွားတဲ့ အင်ဒိုနီးရှားသင်္ဘောသားတစ်ဦးကတော့ Lido Ali Purwanto ဖြစ်ပြီး ကျန်တဲ့ Chieng Siew Ngiek, Wong Hua Wu, နဲ့ Stimba Chuit တို့ကတော့ မလေးရှားနိုင်ငံသားတွေဖြစ်ကာ အားလုံးဟာ အသက် ၂၀ နဲ့ ၅၂ နှစ်အကြား လူငယ်လူလတ်ပိုင်းတွေပါ။

Ref & Photo. ,News Straits Times & Myanmar Seaman Life At Sea

Leave a Reply

Your email address will not be published. Required fields are marked *

Related News