၂၆. ၁၀. ၂၀၂၂

Written by A Thaung

ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (Nat-Test) ဖြေဆိုခကို အရင်က ကျပ် ၄၂၀၀၀ သတ်မှတ်ထားရာမှ ယခုအခါတွင် ကျပ် ၇၂၀၀၀ သို့တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စာမေးပွဲကျင်းပရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရထားသည့် Nat-Test Center ရန်ကုန်မှ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ငွေကြေးဈေးနှုန်းမြင့်မားလာခြင်းကြောင့် စာမေးပွဲဖြေဆိုခနှုန်းထားများအား ယာယီတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“အခြေအနေအရ အခုလိုပြောင်းလဲသတ်မှတ်လိုက်ရခြင်းအတွက် ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများဘက်မှ နားလည်မှုပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု Nat-Test Center ရန်ကုန်မှ ထုတ်ပြန်ကြေညာထားသည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုခ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီး အချို့က စာမေးပွဲဖြေဆိုခပြန်ကျမှသာလျှင် ဖြေဆိုတော့မည်ဖြစ်ကြောင်း သိရသည်။

“ဒီစာမေးပွဲက လူပေါင်းသောင်းနဲ့ချီပြီးဖောင်တင်ကြတာလေ။ အများစုကလည်း အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်ပြီး ဖြေကြရတာ။ ဒါကို စာမေးပွဲကြေး သုံးသောင်းတက်သွားတယ်ဆိုတော့ ခက်ကုန်ပြီပေါ့” ဟု စာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦးကပြောသည်။

ယခုနှစ်အတွက် စာမေးပွဲကို ဒီဇင်ဘာ ၁၁ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး စာမေးပွဲဖြေဆိုခွင့်ဖောင်များအား အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းအထိသာ ကန့်သတ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News