Photo - Ye Kyaw

၁၄. ၇. ၂၀၂၃
Written by Ye Kyaw

ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ရမည်ဟု လျှော့ချသတ်မှတ်ခြင်းကြောင့် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင်လည်း ယခင်ထက် ဈေးပိုပေးနိုင်မည်ဖြစ်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

“အရင်ထက်စာရင် ပိုပေးနိုင်တာပေါ့။ အရင်တုန်းက တစ်အိတ် ကျပ်ငါးသောင်းဝယ်ရမယ်ဆိုရင် အခုလို ၅၀ ရာခိုင်နှုန်း ပြောင်းလိုက်တဲ့အတွက် တစ်အိတ်ကို ၅၁,၀၀၀ လောက်အထိ ပိုပြီးပေးဝယ်နိုင်လာတယ်။ တစ်အိတ်ကို ထောင်ဂဏန်းလောက်တော့ ပိုပေးနိုင်သွားတာပေါ့။ ပင်လယ်ရေကြောင်းကို အဓိကသွားနိုင်မယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုတွေကတော့ အကျိုးရှိလာမယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

သို့သော်လည်း နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တင်ပို့သူများအနေဖြင့် ယခင်ကထက် ကြီးကြီးမားမား ပြောင်းလဲမှုမရှိသော်လည်း ရပ်တန့်လုနီးပါးဖြစ်နေသော နယ်စပ်ဆန်တင်ပို့မှုအတွက် အနည်းငယ်တိုးတက်လာနိုင်ကြောင်း သိရသည်။

“အရင် ၆၅ ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းတုန်းကတော့ တရုတ်နယ်စပ်မှာ ဆန်နဲ့ဆန်ကွဲ တင်ပို့တာ ရပ်တန့်လုနီးပါးဖြစ်သွားတယ်။ ဒါပေမဲ့ အခုပြောင်းလဲလိုက်တာကလည်း ၅၀ ရာခိုင်နှုန်း။ ၅၀ ရာခိုင်နှုန်းဆိုတော့ သိပ်တော့မကွာဘူး။ နယ်စပ်ကုန်သွယ်ရေးကို ကြီးကြီးမားမား ပြောင်းလဲမှုမရှိဘူး” ဟု ဦးမင်းသိန်းက ပြောသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ရမှုအစား ရာခိုင်နှုန်း ၅၀ ကိုသာ ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃)ဖြင့် ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အမိန့်ကြော်ငြာစာ မထုတ်ပြန်မီအချိန်အထိ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်တင်ပို့မှုမှ နိုင်ငံခြားငွေဖြင့်ရရှိသည့် ပိုကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသော တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် လဲလှယ်နေရပြီး ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပဈေးပေါက်ဈေးအတိုင်း မိမိစိတ်ကြိုက် ရောင်းဝယ်ခွင့်ရရှိနေခြင်းဖြစ်သည်။ အထက်ပါကြေညာချက်အရ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအထိကို ပြင်ပပေါက်ဈေးအတိုင်း ရောင်ဝယ်ဖောက်ကားခွင့်ရရှိမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *