◾ စည်းမျည်းများ ချိုးဖောက်ပါက ထောင်သုံးနှစ်အထိ ချမှတ်ရန် ပြစ်ဒဏ်သတ်မှတ်

၁၄. ၇. ၂၀၂၃

Written by Nyein Kyaw

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သလိုဆောင်ရွက်ခွင့်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အပ်နှင်းကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့‌က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား အပ်နှင်းကြောင်း ဖော်ပြထားသည်။

နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်နှင့် ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့ တင်ပို့မှုတို့ကို တာဆီးနိုင်ရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပေဒကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ခံထားရသည့် လုပ်ငန်း (သို့မဟုတ်) ကုန်စည်အမျိုးအစားများနှင့် ဆက်စပ်သည့် တင်သွင်း၊ ရောင်းချ၊ လက်ဝယ်ထားမှု၊ သိုလှောင်၊ သယ်ဆောင်၊ ဖြန့်ဖြူး အသုံးပြုမှုများကို သက်ဆိုင်ရာအဖွဲ့က ကြီးကြပ်၊ တားမြစ်နိုင်ခြင်းဖြစ်သည်။

တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်မှုများကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *