၂၅- ၁၀- ၂၀၂၂

Written by Thettant

တစ်အိမ်ထောင်လျှင် ကား၊ မြေတစ်ခုထက်ပို၍ ပိုင်ဆိုင်နေသူများအား အခွန်များပြန်လည်စစ်ဆေးပြီး ဝယ်ရောင်း အခွန်ပေးဆောင်ခြင်း မတွေ့ရှိပါက လက်ဝယ်တွင် ပိုင်ဆိုင်သော ကားနှင့် မြေများအား အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဆိုသည့် အမိန့်စာ အောက်တိုဘာ ၂၅ ရက်မှ စတင်ပျံ့နှံနေပြီး အဆိုပါ စာမှာ အတုဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်စာတွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ငွေကြေးဖောင်းပွခြင်းထိန်းချုပ်ရန်အတွက် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု ဥပဒေသတ်မှတ် ပြဌာန်းခြင်း”ဟု မမှန်ကန်သောအသုံးအနှုန်းဖြင့် လိပ်မူထားပြီး လက်မှတ်တွင်လည်း “အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး၊ အတွင်းရေးမှူး” ဟု လွဲမှားစွာ သုံးနှုန်းထားသည်။

“ဒီအမိန့်စာက အတုပါ။ တာဝန်ရှိသူတွေက စိစစ်အရေးယူပါလိမ့်မယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမိန့်စာအတုတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရမှ အမိန့်အမှတ် (၃၆၅/ ၂၀၂၂) အား ထုတ်ပြန်လိုက်သည်။ လက်ရှိ ခြံ၊ မြေ ၊ ကားဈေးကွက် မတည်ငြိမ်မှုနှင့် နောက်ကွယ်တွင် အခွန်မဆောင်ပဲ ရောင်းဝယ်သူများအား စနစ်တကျ စုံးစမ်းပြီး တစ်အိမ်ထောင်လျှင် ကား၊ မြေတစ်ခုထပ်ပို၍ ပိုင်ဆိုင်နေသူများအား အခွန်များပြန်လည်စစ်ဆေးပြီး ဝယ်ရောင်း အခွန်ပေးဆောင်ခြင်း မတွေ့ရှိပါက လက်ဝယ်တွင် ပိုင်ဆိုင်သော ကားနှင့် မြေများအား အခွန်ဘဏ္ဍာ အဖြစ်သိမ်းဆည်းမည်။ အိမ်၊ ခြံ၊ မြေနှင့် ကားများကို ဈေးကစားခြင်း ၊ ဈေးဆွဲတင်ခြင်း ဈေးထိန်းချုပ်ခြင်း ၊ အခွန်ရှောင်ခြင်းများအား စုံစမ်းစစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေအမိန့်အရ ပြင်းထန်စွာအရေးယူမည်။ ၄င်းကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့များ ကွင်းဆင်းလေ့လာရန် အမြန်ဆုံးညွှန်ကြားဆွေးနွေးဆောင်ရွက်သွားမည်။၂၀၁၅ ခုနှစ်ဘားဂျက် ယခင်အစိုးရလက်ထက်နောက်ပိုင်း အိမ်၊ ခြံ ၊ မြေ နှင့် ကား လက်ဝယ်ရှိ သူများအား အခွန်ကင်းလွှတ်ခွင့်နှင့် အခွန်ရပြေစာများ ရှိမရှိကိုပါတစ်ပါးတည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်” ဟု ရေးသားထားသည်။

“အမိန့်စာအတုပေါ့။ ဥပဒေပြုတယ်ဆိုပြီး အမိန့်စာလို သုံးထားတယ်။ ဒီတော့ စ ဖတ်ကတည်းက အိမ်စောင့်အစိုးရအဖွဲ့လို့သုံးထားကတည်းက အတုမှန်းသိသာနေပြီ။ ရုံးစာတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ပဲသုံးတယ်။ နောက်ပြီး အောက်ကခေါင်းစဉ်မှာပဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ အလွဲလွဲအမှားမှား သုံးသွားပြန်တယ်။ အိမ်၊ ခြံ၊ မြေလိုပဲ သုံးတာကိုလည်း ခြံ၊ မြေဆိုတာပဲရေးပြီး ထပ်လွဲထားပြန်တယ်။ နောက်ပြီး စာလုံးပေါင်းတွေပေါ့။ “တစ်ခုထပ်၊ စုံးစမ်း၊ ဘားဂျတ်၊ တည်ဆဲဥပဒေအမိန့်၊ ပြဌာန်း၊ မဆောင်ပဲ၊ အခွန်ကင်းလွှတ်ခွင့်၊ တစ်ပါးတည်း၊ ဒုဗိုလ်ချုပ်ကြီး” စတဲ့ အလွဲအမှားတွေကို ဆက်တိုက်သုံးထားသလို တံဆိပ်တုံးအတုနဲ့လည်း ရိုက်ထားတာတွေ့ရတယ်။ နောက်ပြီး ဥပဒေပြုလို့ လက်မှတ်ထိုးတယ်ဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးက လက်မှတ်ထိုးရမှာမဟုတ်ဘူး။ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အာဏာသုံးရပ်ရယူထားတဲ့ တပ်ချုပ်ကပဲ လက်မှတ်ထိုးရမှာ။ ဒီအမိန့်စာအတုလုပ်တဲ့သူက ဥပဒေပညာကို အကျွမ်းတဝင်ရှိဖို့မပြောနဲ့ မြန်မာသဒ္ဒါ၊ မြန်မာစာတောင် ဖြောင့်အောင် မရေးတတ်သူမျိုးဖြစ်လိမ့်မယ် ” ဟု အတိုင်ပင်ခံဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *