၈. ၇. ၂၀၂၃

Written by Hey Mar

လှိုင်သာယာမြို့နယ် အောင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကတော့ အခု ၂၀၂၃-၂၄ ခုနှစ် စာသင်နှစ် အဆုံးအထိ တောင့်ခံနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကျောင်းထိုင်ဆရာတော် ဓမ္မကထိကပုဂ္ဂိုလ် ဘဒ္ဒန္တသူရိယက MT News ကို မိန့်ပါတယ် ။

အဲဒီ့ ဘ.က ကျောင်းကို ဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိပါပြီ။ လှိုင်သာယာ ၃ လမ်းထိပ်မှာ တည်ရှိတဲ့ အောင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက အခြေခံလူတန်းစား လက်လုပ်လက်စား ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာရေးကို တစ်ထောင့်တစ်နေရာကနေ ဝင်ထောက်ပံ့ပေးနေတာလို့ ဆိုနိုင်ပါတယ်။ အောင်ပရဟိတကျောင်းကနေ ဘာသာစုံဂုဏ်ထူးရှင်ကြီးတွေတော့ ဒီနှစ်နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးနှစ်အတွင်း ထွက်မလာနိုင်သေးပေမယ့် လှိုင်သာယာရဲ့ စက်မှုဇုန်တွေမှာ အသက်မွေးမှု အတတ်ပညာနဲ့ အလုပ်အကိုင် ရရှိအောင်တော့ စွမ်းဆောင်ပေးထားနိုင်တယ်လို့ သိရပါတယ်။

“ဒီမှာက စဖွင့်တုန်းကတော့ လမ်းဘေးစျေးရောင်းတဲ့ ကလေးတွေ၊ မိဘမဲ့ လမ်းပေါ်က ကလေးတွေကို စာသင်ပေးတာ။ ဘဘုန်းကိုယ်တိုင်ကလည်း ကလေးချစ်တတ် ဂရုဏာထားတတ်သူ၊ ကိုယ့်ငယ်ဘဝနဲ့ ပြန်ပြောင်းစာနာတတ်သူမို့ စလုပ်ဖြစ်ရင်းက ကလေးဦးရေများလာပြီး အရင်ဆုံး မူလတန်းကျောင်းလေး စဖြစ်တယ်။ ၁၉၉၉-၂၀၀၀ ခုနှစ်လောက်က စလိုက်တာ။ အဲ့ဒီ့ကနေ အလယ်တန်း အဆင့်ထိ ရောက်လာတယ်။ အထက်တန်းပါတွဲမယ်လို့ အားခဲကာမှ ခါးပြတ်ရတာပါပဲ” လို့ ဆရာတော်ဦးသူရိယက မိန့်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မတိုင်ခင်ကအထိ ဘက်ပေါင်းစုံကနေ အောင်ပရဟိတကျောင်းအတွက် ဆရာတော်က ထောက်တိုင်တစ်ခုလိုရပ်တည်ပေးနိုင်ခဲ့တာပါ။ ကပ်ရောဂါနောက်ပိုင်းမှာတော့ အမာခံ အလှူရှင်တွေကလည်း ပြည်ပထွက်သူ၊ စီးပွားမရှိတော့သူနဲ့ တချို့လဲ ဖမ်းဆီးခံရပြီး ထောင်ကျနေတာတွေကြောင့် လာဘ်လာဘ ရှားပါးလာပြီး၊ ဆရာတော်ကိုယ်တိုင်ကလည်း တရားဟော ဓမ္မကထိက ဆရာတော်ကြီး တစ်ပါးပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် တရားဟော ပလ္လင်ပေါ် မတက်တော့ဘဲ အနားယူနေတာ ကပ်ရောဂါ မတိုင်ခင်ကာလကတည်းကလို့ ဆိုပါတယ် ။

ဆရာတော် ဦးသူရိယက “ဒီ ဘ.ကကျောင်းကြီး အခုလို သုံးထပ်ဆောင်ဖြစ်သွားတာက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဂျပန်နိုင်ငံက ကူညီထောက်ပံ့သွားတာ။ ဘာလို့လဲဆိုတော့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သားတွေအများကြီး လှိုင်သာယာကို ဝင်လာတယ်။ ကျောင်းသားဦးရေကလည်း အရင်သုံးလေးရာလောက်ကနေ ဆောင့်တိုးသွားလိုက်တာ ၂,၀၀၀ လောက်အထိ ဖြစ်လာတယ်။ ဘုန်းကြီးမှာလည်း အရေးပေါ်တော့ မြေနေရာရှာရ၊ ပလပ်မြေဆိုပြီး သူတို့ပေးတဲ့ နေရာမှာ မန္တလေး ဖောင်တော်ဦးအချုပ်ဆရာတော်က သိန်းတစ်ရာမတည်ပြီး၊ ဂျပန်အထောက်အပံ့နဲ့ အခု သုံးထပ်ဆောင် ဆောက်ပြီး လှူသွားတာ။ ကျောင်းမှာ ကျောင်းပညာရေးအပြင်ကို စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဓာတ်ပုံပညာသင်တန်း၊ ဂျပန်စာ သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေလည်း ဖွင့်ပေးထားတာပါ။ ဘဘုန်းကျောင်းကနေ ဂျပန်၊ စင်ကာပူ အဲဒီနိုင်ငံတွေမှာ အလုပ်သွားလုပ်နေကြတဲ့ ကလေးတွေလဲရှိတယ်။ နောက် လှိုင်သာယာစက်မှုဇုန်ထဲမှာ အထည်ချုပ်ဆိုလဲ ဒီက သင်ပေးလိုက်တဲ့ ပညာနဲ့ ဒီဇိုင်နာ လုပ်နေသူတွေ စက်ပြင်ဆရာ လုပ်နေသူတွေ ပုံလို့ပါပဲ။ အနုပညာရှင်တောင် ပါသေးတယ်”လို့ မိန့်ဆိုပါတယ် ။

၂၀၁၈ ခုနှစ်ကတည်းက ဂျပန်နိုင်ငံရဲ့ အထောက်အပံ့ရပ်တန့်ပြီးမရတော့ချိန် အစိုးရက ထောက်ပံ့နေတဲ့ ဘ.ကကျောင်းဆရာမတစ်ဦး ကျပ် ၃၆,၀၀၀ ရရှိပေမယ့် ဆရာတော်ကိုယ်တိုင် တိုးပြီးချီးမြှင့်ထားတဲ့ လစဥ် သိန်းဂဏန်းအထိ လစာတွေအတွက် အလှူရှင် အကူအညီ၊ တရားဟောပြောဆုံးမတဲ့အတွက် လာဘ်လာဘ အလှူငွေတွေနဲ့ ဖြေရှင်းနေပေမယ့် ဒီ့နောက်ပိုင်းမှာတော့ တောင့်မခံနိုင်တော့တဲ့အတွက် အောင်ပရဟိတကျောင်းကနေ အလုပ်ထွက်သွားတဲ့ ဆရာဆရာမတွေလည်း ရှိနေပါတယ်။

ကိုဗစ်ဖြစ်တာတောင် ကျောင်းမပိတ်ခဲ့ဘဲ၊ ဆရာ ဆရာမတွေကိုလည်း လစဥ်ကြေးမပြတ်သလို၊ ကျောင်းသားတွေအတွက် နေ့လည်စာလည်း ဘုန်းကြီးကျောင်းမှာ လက်ဆေးဝင်စားရုံ ဆောင်ရွက်ပေးခဲ့တာပါ။

“ဘဘုန်းကျောင်းမှာ လစဥ် လစာပေးရတဲ့ ပိုက်ဆံက သိန်း ၃၀ ကျော်တယ်။ အနိမ့်ဆုံး ဆရာမလေးရဲ့ လစာကကျပ် ၁၅၀,၀၀၀ ရှိတယ်။ အမြင့်ဆုံးတာဝန်ခံဆရာမကိုက ကျပ် ၂၇၀,၀၀၀ ပေးထားတယ်။ အခုက ကုန်စျေးနှုန်းတွေကတက် စားဝတ်နေရေးက ကြပ်တည်းတော့ ဆရာမ တချို့ အလုပ်ထွက်ကြတယ်။ လုပ်သက် ၁၂ နှစ် ၁၅ နှစ်ရှိတဲ့သူတွေ ထွက်တာ။ ထွက်ပြီး အပြင်က ပုဂ္ဂလိကကျောင်းတွေမှာ သွားလုပ်ကြတယ်။ သူတို့က စဝင်ဝင်ခြင်းကို သုံးသိန်းလောက်အထိ ပေးကြတယ်။ ဘဘုန်းကျောင်းလည်း အရင်ကတော့ လစာအပြင် တစ်လကို ဆန်ရှစ်ပြည်၊ ဆီ၊ ငရုပ်၊ ကြက်သွန် ဒါတွေ ထောက်ပံ့ပါတယ်။ အခုတော့ ငါလည်း ပလ္လင်မတက်နိုင်၊ ငါ့ကျောင်းနေ မိဘမဲ့ စာသင်သားတွေ နပ်မှန်ရေး ဦးစားပေးရလို့ ဒါတွေလည်း မပေးနိုင်တော့ဘူး” လို့ စိတ်မကောင်းစွာနဲ့ မိန့်တော်မူတယ်။

ကျောင်းရဲ့ သက်တမ်းက နှစ် ၂၀ ကျော် အစိတ်နီးပါးမို့ ကျောင်းရဲ့ ကျောင်းသားဟောင်းတွေရဲ့ ကလေးတွေတောင် အောင်ပရဟိတမှာ မူလတန်းပြန်တက်နေကြတာကိုလည်း ကလေးမိဘတချို့နဲ့ စကားပြောကြည့်လို့ သိရပါတယ်။ “ညီမ သုံးလမ်းထိပ်မှာပဲ အခန်းတွဲငှားနေတာပါ။ အမျိုးသားလဲ ဒီကျောင်းထွက်ပဲ။ ညီမက ခုနှစ်တန်းနဲ့ ထွက်တာ။ အမျိုးသားတော့ ကျောင်းရဲ့ အတန်းကုန်ပြီးတယ် ရှစ်တန်းထိပါ။ ညီမတို့ နှစ်ဦးစလုံး စက်ရုံ အလုပ်လုပ်ကြတော့ သားက KG ကတည်းက ဘဘုန်းကျောင်းမှာ ကျောင်းနေ ကျောင်းစား ညနေ မှ အိမ်ပြန်လာတာပါ” လို့ ပြောပါတယ် ။

ဒီနှစ်ကျောင်းဖွင့်ရာသီမှာလဲ အောင် ပရဟိတရဲ့ ကျောင်းအပ်လက်ခံတဲ့ ကျောင်းသား ကျောင်းသူ ဦးရေ က ၈၀၀ နီးပါးရှိပါတယ်။ အခြေခံလူတန်းစားတွေရဲ့ ကျူးကျော်ရပ်ကွက်တွေထဲ ကလေးတွေရဲ့ အားကိုးရာဖြစ်တဲ့ အောင်ပရဟိတဘုန်းတော်ကြီးကျောင်း ဆက်လက်တည်တံ့ပြီး အထက်တန်းပညာရေး အဆင့်အထိပါ တိုးမြှင့်ဖွင့်လှစ်နိုင်ဖို့အထိတော့ ဝိုင်းဝန်းကူညီနိုင်မယ့်အလှူရှင်တွေကို ဆရာတော်နဲ့ ကျောင်းသား၊ ကျောင်းသူတွေက မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *