MT News
Written by Min Mahar
ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ နေအိမ်ရှေ့ခြံဝန်းတံခါးတွင် PDF အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှု ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘိုကုန်းရပ်၊ အနော်ရထာလမ်းတွင်နေထိုင်သော ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏နေအိမ်ခြံဝန်းတံခါး (၆” x ၃” သံဘောင်အသုံးပြုထားသည့် ၁၄’ x ၈’ လျှောတံခါး) သော့ခတ်သည့်နေရာအောက်၊ တံခါးသံလမ်းနှင့် တံခါးဘောင်ကြားတွင် PDF အဖွဲ့မှထောင်ထားသော ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့် ရစ်ပတ်ချည်နှောင်ထားသည့် ဆိုင်ကယ်ဘတ္တရီအိုးဖြင့် တွဲဆက်အသုံးပြုထားသော အဝေးထိန်းစနစ်သုံးလက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့ရှိ သံဖြင့်ကာရံထားသည့်တံခါးဘောင် ၁ ပေခန့်နှင့် တံခါးသံလမ်း ၆ လက်မခန့် တွန့်လိမ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့များလည်း ရောက်ရှိလာကာ ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။